ကန္တရာဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဖရေစိုးလေးစစ်ရှောင်အမှတ် (၇)မှာ စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဆေးပေးခန်းမရှိသေးတာကြောင့် လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောဆိုပါတယ်။
စစ်ရှောင်စခန်းတွေအတွက် နယ်လှည့်ကျန်းမာရေးအဖွဲ့ကနေ တစ်လတစ်ကြိမ် ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပေမဲ့ အရေးပေါ် ကျန်းမာရေးအခြေအနေတွေမှာ အခက်အခဲကြုံတွေ့ရတယ်လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
“ဆေးပေးခန်းတော့ မရှိသေးဘူးပေါ့နော်။ ကျနော်တို့ဆီမှာတော့ ကူညီပေးနေတဲ့ စေတနာ့ ဆရာမ တစ်ယောက်တော့ ရှိတယ်။ ဖျားနာပြီဆိုရင် သူ့ဆီပဲသွားကြတယ်။ နယ်လှည့်အဖွဲ့တော့ တစ်လတစ်ခါတော့ လာပါတယ်။ ဆေးနည်းနည်းပါးပါးတော့ ဆရာမနားမှာ ပေးခဲ့ပြီးတော့မှ သူလည်း ဒီက ဖျားနာပြီဆိုရင် သူ့ဆီပဲသွား။ တအားဖြစ်လာပြီရင်လည်း သူမနိုင်တော့ဘူးဆိုရင် ဟိုဘက်ကိုလွှဲပြောင်းပေးရတာပေါ့။”လို့ သူက ပြောပါတယ်။
အရေးပေါ်ဖြစ်လာတဲ့ ကျန်းမာရေးအခြေအနေရှိရင်တော့ ဆေးရုံ၊ ဆေးခန်းရှိရာကို လွှဲပြောင်းပေးရပါတယ်။ ဒါပေမဲ့လည်း ပို့ဆောင်ပေးဖို့ ကားလည်းမရှိတာကြောင့် ပိုမိုခက်ခဲသလို စစ်ရှောင်စခန်းကိုသွားလာတဲ့ လမ်းလည်း မကောင်းတာကြောင့် လာမယ့် မိုးရာသီမှာ လမ်းခရီးပိုဆိုးလာနိုင်တယ်လို့ ဆိုပါတယ်။
“ကျမတို့ စစ်ရှောင်လာတာ ၁ နှစ်ပြည့်တော့မယ်ပေါ့နော်။ ကျန်းမာရေးအတွက် ဆေးပေးခန်းကတော့ ဒါ မရှိမဖြစ်လိုအပ်တယ်လို့ ကျမ ထင်တယ်။”လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖရေစိုးလေး စစ်ရှောင်အမှတ် (၇) မှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလက ဘောလခဲမြို့နယ်ကနေ စစ်ရှောင်ရတဲ့ ဒေသခံတွေ စုပေါင်းနေထိုင်ကြတာဖြစ်ပြီး လူဦးရေ ၃၀၀ ကျော်၊ အိမ်ခြေ ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။