spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို ခြေတော်ရာဘုရားနဲ့ သဲတောင်အနီးတိုက်ပွဲဖြစ်၊ စကစမှ အတွဲလိုက်ဒုံးများနဲ့ လက်နက်ကြီးများ အလွန်အကျူးအသုံးပြုလာ



ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) မှာ ဒီးမော့ဆိုမြို့ ရူးဖယ်ခူရပ်ကွက်ရှိ ခြေတော်ရာဘုရားနဲ့ သဲတောင် အနီးတွင် စစ်ကောင်စီတပ်နဲ့ KA , KNDF B -19 တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်မှ အတွဲလိုက် ဒုံးတွေနဲ့ လက်နက်ကြီးတွေ အလွန်အကျူး အသုံးပြုလာတယ်လို့ KNDF B-19 မှ ဩဂုတ်လ ၂၀ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။

မနက် ၅ နာရီ ခွဲဝန်းကျင် အချိန်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းအထိ တနေ့ကုန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။  KNDF တပ်ဖွဲ့မှရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု – ဝန်ကြီး ခူးဒယ်နီယာယ်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာဟုတ်တယ် မနက် ၆ နာရီကျော်ကတည်းကနေ ညမိုးချုပ်အထိ သို့သော် ရန်သူဖက်က အကျအဆုံးကို မသိရဘူး ဒီဖက်ကတော့ KNDF တပ်ဖွဲ့ဝင်တစ်ဦး ကျသွားတယ်လို့ ကြားရတယ်။ နောက်ပြီးတော့မှ တစ်ချို့ဒဏ်ယာရတယ်ပေါ့လေ။ ရန်သူဖက်ကထိခိုက်နစ်နာမှုကတော့ မသိရဘူး” လို့ ခူးဒယ်နီယာယ်ကပြောပါတယ်။


စစ်ကောင်စီအာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း ကရင်နီပြည်မှာ ယနေ့ချိန်အထိ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဖက်က လက်နက်ကြီးတွေ သာလွန် အင်အားဖြည့်တင်း အသုံးပြုလာတယ်လို့ ခူဒယ်နီယာယ်ကဆက်ပြောပါတယ်။


ကရင်နီပြည်မှာ စစ်ရေးတင်းမာရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု – ဝန်ကြီး ခူဒယ်နီယာယ်က ပြည်သူတွေကို အသိပေးထားပါတယ်။


“တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေအုံးမှာပဲ ။သူတို့ အဓိကကတော့ မြို့ပြ ပြည်သူတွေကိုထိန်းနိုင်ဖို့ သူတို့ တပ်ရင်းဌာနချုပ်ကို ထိန်းနိုင်ဖို့ နောက်ပြီးတော့မှ ပြည်ထောင်စုလမ်းမတွေကို ထိန်းနိုင်ဖို့က သူတို့ စစ်ဆင်ရေးတွေ လုပ်နေမှာပဲ။ ” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။


ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေ၊ စစ်ဘေးရှောင်တွေရှိတဲ့ နေရာတွေကို စစ်ကောင်စီဖက်မှ နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ လှမ်းထုတွေ ပြုလုပ်တာကြောင့် ပြည်သူတွေ သေဆုံးမှုတွေရှိသလို ထိခိုက်ဒဏ်ယာ ရတာနဲ့ အဆောက်အအုံတွေ ပျက်စီးတာတွေ ရှိနေပါတယ်။

spot_img
spot_img