ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ရွှေလင်းယုန် စစ်ရှောင်စခန်းမှာ ယခုတစ်ပတ်အတွင်း ကျောင်းနေအရွယ် နဲ့ ၅ နှစ်အောက်ကလေးတွေ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးမရှိတဲ့အတွက် အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။
“တော်တော်ဖျားကြတယ်၊ ကျောင်းမလာခိုင်းဘူးပေါ့နော။ တစ်ယောက်နဲ့တစ်ယောက်ထပ်ကူးမှာစိုးလို့၊ နေ့တစ်ပိုင်းပဲ ကျောင်းလာတက်ခိုင်းတာမျိုးလည်း ရှိတယ်။”လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။
ရွှေလင်းယုန် စစ်ရှောင်စခန်းမှာ မူလတန်းအရွယ် ကျောင်းသူ၊ ကျောင်းသား ဦးရေ ၄၀ ကျော်ရှိနေပြီး အများစုက ဖျားနာနေကြတယ်လို့ ဆရာမတစ်ဦးက ပြောပြပါတယ်။
ဖျားနာတဲ့ကလေးတွေ များပြားနေတာကြောင့် ကျောင်းအချိန်ပြည့် မတက်ရောက်နိုင်တဲ့အတွက် ကျောင်းသင်ခန်းစာ နှောင့်နှေးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ မူလတန်းအရွယ် ကျောင်းနေကလေးတွေ ဖျားနာမှုများနေသလို ရွှေလင်းယုန် စစ်ရှောင်စခန်းက မူကြိုကလေးငယ် (၉) ဦးလည်း အားလုံး ဖျားနာနေကြတယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းမှာ ဆေးခန်းမရှိတာကြောင့် တခြားကျေးရွာက ဆေးခန်းတွေမှာ သွားရောက်ပြသရတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဖြစ်တာကြောင့် ငွေကြေးလည်း အခက်အခဲရှိနေတဲ့အတွက် ဆေးဝါးဝယ်ယူဖို့ မတတ်နိုင်ကြပါဘူး။
အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၀၀ ကျော် ရှိပါတယ်။