spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို စစ်ရှောင်စခန်း တစ်နေရာကို စစ်ကောင်စီ ဗုံးကြဲ ၊ အရပ်သား ၃ ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာကို ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ၊ နေ့လည် ၁၂ နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးဦး သေဆုံးခဲ့သလို ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

အသက် (၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး နဲ့ အသက် ( ၃၁ )နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး မိသားစုဝင်တွေဖြစ်ပါတယ်။။ နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာဖြစ်ပြီး အသက်အရွယ်ကိုတော့ မသိရှိရသေးပါဘူး။

“မိသားစု တစ်စုထဲကိုပဲ (၂)ဦး ပွဲချင်းပြီးပဲ။ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦးပေါ့နော်။ မောင်နှမတွေ ဖြစ်ကြတယ်။ ပြီးတော့ သူ့အမေကတော့ မျက်နှာမှာ ဒဏ်ရာရတယ်။ အသက် အန္တရာယ်ကတော့ စိုးရိမ်စရာ မရှိဘူး”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိတဲ့အနက် အမျိုးသမီးနှစ်ဦး နဲ့ အမျိုးသားနှစ်ဦး ဖြစ်ပြီး ခြေထောက် နဲ့ ပေါင် ၊ မျက်နှာ စတဲ့နေရာတွေမှာ ဒဏ်ရာအသီးသီး ရရှိခဲ့တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဗုံးကြဲ တိုက်ခိုက်တဲ့နေရာဟာ စစ်ဘေးရှောင်တွေသာ နေထိုင်ကြတာဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်သလို အကြောင်းမဲ့ တိုက်ခိုက်နေတာဟာ လူထုတွေကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)သတင်းနဲ့ပြန်ကြားရေး တာအယ်စိုးက ပြောပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘူးလို့ ဆိုပါတယ်။

“ဗုံးကြဲတိုက်ခိုက်တဲ့ နေရာတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ စစ်ရှောင်စခန်းတွေ ကျေးရွာတွေဖြစ်တယ်။ စစ်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတဲ့နေရာတွေဖြစ်တယ်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကြည့်ခြင်းအားဖြင့်သော်လည်းကောင်း ၊ လွိုင်ကော်အရှေ့ဘက်ခြမ်း ၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ကျေးရွာတွေ စစ်ရှောင်စခန်းတွေက စစ်ရေးနဲ့မပတ်သက်တဲ့နေရာဖြစ်တယ် တိုက်ပွဲနဲ့ ဝေးတဲ့နေရာဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီက ပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ချင်တယ်ဆိုတာ ပေါ်လွင်ပါတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

ဒီကနေ့ ညပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီရဲ့ ငွေတောင်အခြေစိုက် ( ၁၀၂) တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတယ် မနေ့ညကလည်း ပစ်တယ်။ အခု ဒီညလည်း ပစ်နေတာရှိတယ်။ စစ်ဘေးရှောင်တွေကတော့ ထပ်တိမ်းရှောင်တာမရှိသေးဘူး ဒါပေမယ့် အတော်လေးတော့ စိုးရိမ်ထိတ်လန့်နေကြတယ်။”လို့ သူက ပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းမှာ လွိုင်ကော်မြို့နယ်အတွင်းကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။ ၂၀၂၅ခုနှစ် နှစ်သစ်ကစလို့ စစ်ကောင်စီဟာ ကရင်နီပြည် လွိုင်ကော် ၊ ဒီးမော့ဆိုမြို့နယ် နဲ့ ရှမ်း- ကရင်နီနယ်စပ်က ဖယ်ခုံအနောက်ခြမ်းကို ၁၁ ကြိမ်ထက်မနည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီက အရပ်သားရှိရာနေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

spot_img
spot_img
spot_img

Recent posts