spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အနောက်ခြမ်းမှာ Mobile Banking များ ငွေထုတ်ရန်ခက်ခဲနေ၊ ငွေသားထုတ်ယူရန် ဆိုင်တချို့မှာ ၁၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခပေးရ

Author

Date

Category

ယောဒန်(Newsland)

စစ်ကောင်စီက ဘဏ်တွေမှာ ငွေသားထုတ်ယူမှုတွေ ကန့်သတ်လိုက်တဲ့နောက် ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ခြမ်းမှာလည်း K-Pay၊ Wave စတဲ့ Mobile Banking တွေ ငွေသားထုတ်ယူဖို့ ခက်ခဲလာပြီး နေရာတချို့မှာတော့ ငွေသားထုတ်ယူဖို့ ၁၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခ ပေးရတယ်လို့ ဒေသခံတွေထံကနေ စုံစမ်းသိရှိရပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းတစ်ကြောက K-Pay ထုတ်‌ပေးတဲ့နေရာတချို့ မှာ ငွေသားထုတ်ပေးစရာမရှိတာကြောင့် ဆိုင်ပိတ်လိုက်ရတာရှိပြီး တချို့ဆိုင်တွေကလည်း ငွေထုတ်ခကို ၇ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ယူတာတွေ ရှိ‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘာ့ကြောင့် တိုးတက်သွားသလဲဆိုတော့ ရန်ကုန်မှာ ၄ ရာခိုင်နှုန်း ၅ ရာခိုင်နှုန်းထိ တက်တော့ ကျနော်တို့ ကရင်နီဘက်မှာလည်း ၇ ရာခိုင်နှုန်း ၈ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းထိ တက်သွားတာရှိတာပေါ့။ တချို့နေရာမှာ ၁၀ ရာခိုင်နှုန်းကျော်ထိ တက်တာလဲ ရှိတာပေါ့နော်” လို့ K-Pay ထုတ်ပေးတဲ့ ကိုစန်းလင်းက ပြောပါတယ်။

ယခင်က တစ်ရက်ကို သိန်း၁၀၀ ထုတ်ပေးတဲ့ဆိုင်ဟာ အခုဆိုရင် သိန်း၅၀လောက်ပဲ ထုတ်ပေးနိုင်တော့တယ်လို့ ဆိုပါတယ်။ K- Pay ထုတ်ပေးတဲ့နေရာတွေကနေ ဝန်ဆောင်ခ ယူတဲ့ ရာခိုင်နှုန်းကတော့ တစ်နေရာ နဲ့ တစ်ရာ မတူညီကြပါဘူး။

“ဘာ့ကြောင့် ထိုးတက်သွားသလဲတော့ မပြောတက်ပေမယ့် နိုင်ငံ‌ရေးကြောင့် ဒီလိုမျိုးဖြစ်သွားတာပေါ့နော်။ တချို့ ပိတ်ထားတာရှိတယ်။ ငွေသားမရှိတော့လို့ အခြေအနေမျိုးရှိတယ်” လို့ ကိုစန်းလင်း က ဆိုပါတယ်။

အခုလို ဘဏ်တွေငွေထုတ်ယူမှု မကန့်သတ်ခင်တုန်းကတော့ ဒီးမော့ဆိုအနောက်ခြမ်းမှာ K-Pay ကနေ ‌ငွေသားလဲလှယ်ဖို့ ၁ ရာခိုင်နှုန်းသာ ပေးရတယ်လို့ သိရပါတယ်။

အခုလို ငွေသားထုတ်ယူလို့ မရတာနဲ့ ရာခိုင်နှုန်း အဆမတန်ပေးနေရတာတွေကြောင့် ဒေသခံနဲ့ စစ်ရှောင်တချို့ အခက်ကြုံ နေရတယ်လို့ ဆိုပါတယ်။

“ဒီလို ငွေထုတ် တာ ၁ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း ဖြစ်သွားတော့ အများကြီး အခက်ခဲဖြစ်တာတာပေါ့။ ကိုယ့် အတွက် အများကြီးနစ်နာသွားတယ်လို့ ခံစားရတယ်။ အများကြီးကွာသွားတော့လေ။ ပိုက်ဆံက လိုအပ်တဲ့ဟာ သုံးဖို့ တွက်ထားတဲ့ဟာ မရတော့ဘူးပေါ့။ မိသားစုအတွက်လည်း မလုံလောက်တော့ဘူး ဖြစ်သွားတယ်။ အများကြီးခက်ခဲသွားတာပေါ့ “လို့ ငွေထုတ်ယူသူ တစ်ဦး ကပြောပါတယ်။

ဇွန်လ နောက်ဆုံးပတ်က စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ် ချက်တွေ ထုတ်ပြန်ပြီး ပုဂ္ဂလိကဘဏ်တွေကို ဒစ်ဂျစ်တယ်ငွေပေးချေမှု (Digital Transaction) သုံးဖို့၊ ပေးချေတဲ့ပမာဏကိုလည်း လုပ်ငန်းအမျိုးအစားလိုက်ခွဲပြီး သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။

ဒီလို ကန့်သတ်လိုက်တာတွေကြောင့် ပုဂ္ဂလိက ဘဏ်တွေက ငွေထုတ်ယူမှုတွေ ကန့်သတ်လိုက်ပြီး တစ်ရက်ကို ငွေသား ၁၀ သိန်းသာ အများဆုံး ထုတ်ယူခွင့် ပေးထားပါတယ်။ ATM စက်တွေမှာလည်း ငွေထုတ်ယူလို့ မရတာတွေ ဖြစ်ပေါ်ခဲ့ပြီး K-Pay ငွေသားထုတ်ယူမှုမှာလည်း ရာခိုင်နှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

ပုဂ္ဂလိကဘဏ် တာဝန်ရှိသူတွေကို စစ်ကောင်စီက နေပြည်တော်ကို ခေါ်ယူစစ်ဆေးနေတဲ့အပြင် ဘဏ်တွေကနေ ငွေထုတ်ယူလွှဲပြောင်းတဲ့ ပမာဏတွေကိုလည်း ကန့်သတ် ထိန်းချုပ်ထားလိုက်ပါတယ်။

ဇူလိုင်လ ဒုတိယပတ်ထဲမှာတော့ ဘဏ်တွေက ငွေစက္ကူထုတ်ယူနိုင်တဲ့ ပမာဏ ပြန်လည် မြင့်တက်လာခဲ့ပြီး လတ်တလော ရိုက်နှိပ်ထားတယ်လို့ ယူဆရတဲ့ နံပါတ်အသစ်‌ ငွေစက္ကူတွေကို ပြန်လည်ထုတ်ပေးတာတွေနဲ့ ATM စက်တချို့မှာ ငွေသားပြန်လည်ဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

spot_img
spot_img

Recent posts