ကန္တာရဝတီတိုင်း(မ်)
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က“ဒေလီယာ” ဟာ လွိုင်ကော်တက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာ၊ ဒုတိယနှစ်နဲ့ ပညာသင်ယူနေသလို တဖက်မှာလည်း ပုဂ္ဂလိကကျောင်းတခုမှာ ဒီပလိုမာတခုအတွက် ပညာသင်ယူနေသူပါ။
စစ်ကောင်စီ အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ဒေလီယာ ဟာ အစိုးရ တက္ကသိုလ်ကို ဆက်မတက် တော့ပေမဲ့ ပုဂ္ဂလိကကျောင်းမှာတော့ ကျောင်းပြီးအောင်ဆက်တက်နေခဲ့ပါတယ်။
အဲဒီအချိန်မှာ ဒေလီယာ တယောက် အသက် ၂၂ နှစ်သာ ရှိပါသေးတယ်။ စစ်အာဏာသိမ်းလိုက်တော့ ဒီပလိုမာပြီးမြောက်လို့ နောက်ထပ် အဆင့်မြင့်ပညာတခု သင်ယူဖို့လည်း သူမ ကြိုးစားနေခဲ့ပါတယ်။
ဒါပေမဲ့ သူမလိုပဲ ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေရသူတွေကို ကူညီဆောင်ရွက်လိုတဲ့ သူမရဲ့မသိစိတ်ဟာ စစ်ဘေးရှောင်တွေကို ကူညီဖို့ ပိုပြီးစိတ်အားထက်သန်ခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့ဇာတိကို စွန့်ခွာပြီး စစ်ဘေးရှောင်တွေကို ကူညီဖို့ တော်လှန်ရေးနယ်မြေထဲ ခြေစုံပစ် ဝင်လာခဲ့ပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီရင်း တဖက်မှာလည်း ပညာရေးတပိုင်းတစဖြစ်နေတဲ့ ကလေးသူငယ်တွေအတွက် ပညာရေးလမ်းကြောင်းကို ရှာဖွေပေးနေခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ ကျောင်းအတွက် လိုအပ်တဲ့ပစ္စည်း၊ပစ္စယျတွေကို ဝယ်ယူနိုင်ဖို့ လွိုင်ကော် မြို့သွားနေစဉ်မှာဘဲ လမ်းခုလတ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
“ညီမက ရန်သူကို အထင်သေးခဲ့တာကိုး” လို့ ဒေလီယာ က သူမ အဖမ်းခံခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြပါတယ်။
အဲ့ဒီတုန်းကတော့ အစစ်အဆေးတွေ များနေပေမဲ့ လွိုင်ကော်မြို့တွင်းကို ဝင်ထွက်သွားလာလို့ရတဲ့ အခြေအနေပါ။
အဖမ်းခံရတဲ့အချိန်မှာ အမျိုးသမီးကို စစ်ဆေးတယ်ဆိုပေမဲ့ အမျိုးသမီး ဝန်ထမ်းတွေတောင်မပါဘဲ ဆယ်ဂဏန်းရှိတဲ့ ရဲ နဲ့ စစ်သား တွေက သူမကို ဝိုင်းဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်ကြောရေးကို တန်းပို့ပါတော့တယ်။

စစ်ကြောရေးကို ရောက်တဲ့အချိန်မှာတော့ စစ်မေတွေက သူမကိုဆွဲခေါ်သွားပြီး ဆူပူကြိမ်းမောင်းတာတွေကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ညီမတို့ကို လာပြီးတော့ ကြိမ်းမောင်းတယ်၊ ပြီးတော့ ညီမတို့ကိုလက်နဲ့ ရွယ်လိုရွယ်၊ ခြေထောက်နဲ့ ရွယ် ပြီးတော့ ကန်တယ်။ အဲလိုပုံစံမျိုးတွေ ညီမတို့ကို အမျိုးမျိုးပြောဆို ဆက်ဆံတာတွေက အရမ်းရိုင်း တယ်ပေါ့နော်” လို့ ဒေလီယာ က စတင်အဖမ်းခံခဲ့ရစဉ်က အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။
ဖိနှိပ်ခြိမ်းခြောက်မှုတွေ ခံခဲ့ရတာတင်မကဘဲ အစာရေစာ လုံးဝ မကျွေးခဲ့ပါဘူး။
“ဒူးထောက်လက်မြှောက်လုပ်ခိုင်းတာတို့၊ ပြီးတော့ တမံတလင်းပေါ်မှာ အိပ်ခိုင်းတာမျိုးတို့၊ ပြီးတော့ ခုံမပါဘဲနဲ့ ဒူးထောက်ပြီးတော့ ဖြေခိုင်းတာမျိုးတို့ တချိန်လုံးမျက်လုံးကို အဝတ်နဲ့ ပတ်ထားတာမျိုး၊ လက်ထိတ်ကတော့ ခတ်တယ်ပေါ့နော၊ လုံးဝမဖြုတ်ဘူး လက်ထိတ်ခါကျတော့လေ။ ညီမဆို ညီမလက် ထိတ်ကကြပ်တော့လေး လက်ကဒဏ်ရာ အခုထိအမာရွတ်တောင် ကျန်တယ်” လို့ သူမရဲ့ လက်ကောက်ဝတ်ကိုကိုင်ရင်း ပြောပြနေခဲ့ပါတယ်။
စစ်ကြောရေးမှာ ခြောက်ရက်ကြာပြီးတဲ့အခါ လွိုင်ကော်မြို့က ရဲစခန်းရဲ့ အချုပ်ခန်းကို ပို့လိုက်ပါတော့တယ်။ အချုပ်ခန်းထဲမှာ သုံးနာရီလောက်နေခဲ့ရပြီး အမှုရင်ဆိုင်ခွင့်မပေးဘဲ ထောင်ထဲကို တခါတည်း ပို့ဆောင်ခြင်း ခံခဲ့ရပြန်ပါတယ်။
ဘာအမှုနဲ့ ဖမ်းဆီးပြီးထောင်ထဲထည့်ထားမှန်း မသိခဲ့ရသလို ၃ လအထိ အချိန်ကုန်ဆုံးသွားပါတယ်။ အဲဒီနောက်မှာတော့ ရှေ့နေငှားခွင့်ပေးပြီး ထောင်ထဲမှာပဲ တရားရင်ဆိုင်ခဲ့ရတာပါ။
“အထူးတရားရုံးကလည်း ညီမတို့ဒီထောင်ကနေ ရင်ဆိုင်ခဲ့ရတာပါပဲ။ အဲလိုမျိုး ညီမတို့အမှုရင်ဆိုင်နေတဲ့ အတောအတွင်းမှာ ရှေ့နေက ညီမတို့ကို လိမ်သွားတယ်ပေါ့နော။ ဘယ်လိုပြောရမလဲ ညီမကို သနားခံစာတင်ပေးမယ်ဆိုပြီးတော့ သူ(ရှေ့နေ)ပြောတယ် ၁၃ သိန်းပေး ဆိုပြီးတော့ပေးတယ်” လို့ ရှေ့နေရဲ့ မတရား ငွေတောင်းခံခဲ့ရတာကို ပြန်ပြောပြပါတယ်။
ထောင်ထဲမှာ အမှုရင်ဆိုင်ရင်း ၄ လ အကြာမှာ ဒေလီယာကို ထောင်ဒဏ် ၃ နှစ်နဲ့ အလုပ်ကြမ်း ကျခံရမှာဖြစ်ကြောင်း အမိန့်ချလိုက်ပါတယ်။ အဲဒီချိန်မှ သူမဟာ မတရားအသင်းနှင့် ဆက်သွယ်သည့် ဥပဒေပုဒ်မ ၁၇/၁ နဲ့ အမှုစွဲဆိုခံရတာဖြစ်ကြောင်းသိရှိခဲ့ပါတယ်။
ထောင်ထဲနေရစဉ်အတွင်း နေ့ရက်တိုင်းဟာ ငရဲတွင်းလိုပဲ လို့ ဒေလီယာ က ပြောပြပါတယ်။
အခန်းအရွယ်အစားနဲ့ လူဦးရေမမျှတဲ့ အကျဉ်းထောင်ထဲမှာ ကျောတခင်းစာသာသာ နေရာရကြပါတယ်။ အဲဒီလိုအခန်းကျဉ်းလေးမှာ အဆင်ပြေသလိုအိပ်စက်ကြရသလို အိမ်သာကလာတဲ့ အနံ့အသက်တွေဟာလည်း အလွန်ဆိုးဝါးတယ်လို့ ဆိုပါတယ်။
“စားဖို့သောက်ဖို့တွေကအစ သူတို့တွေက ဘယ်လိုလုပ်လဲဆိုတော့ သူတို့ရဲ့ဝန်ထမ်းတွေ လမ်းလျှောက် တဲ့နေရာ၊ တံတွေးထွေးတဲ့နေရာမှာ ညီမတို့က စောင်ပါးပါးလေးကိုခင်းပြီးတော့ ညီမတို့ရဲ့ မနက်စာသွား စားရတယ်။ နေ့လယ်၊ ညစာ အဲ့လိုမျိုး” လို့ ဒေလီယာက သူမ ထောင်ထဲနေရစဉ်အတွင်းက အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။
ဒါတွေအပြင် အကျဉ်းသားတွေဖျားနာတဲ့အခါမျိုးမှာ ဆေးကုသမှုတွေ မရရှိခဲ့ကြပါဘူး။ ၂၀၂၃ ခုနှစ် ၁၁ လပိုင်း တစ်လေးလုံး တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက်ပိုင်းတွေမှာ ထောင်ဝင်စာ တွေ့ခွင့်ကိုပါ လုံးဝ ပိတ်ပင်လိုက်ပါတယ်။ ဒေလီယာ အပါအဝင် အကျဉ်းသားတွေဟာ ထောင်ကကျွေးတဲ့ သဲထမင်းနဲ့ (ပဲရွက်အရင့်) ရေလုံပြုတ်ဟင်းကိုသာ စားခဲ့ကြရပါတယ်။
အာဟာရရှိတဲ့ အစားအသောက်တွေကို မစားခဲ့ရတဲ့ ဒေလီယာဟာ လက်ရှိအချိန်ထိ ဗီတာမင်ချို့တဲ့ တဲ့ ဒဏ်ကို ခံစားရပြီး အရိုးအဆစ်တွေ နာကျင်သလို သူမရဲ့ဆံသားဟာ အဆီတောင်မထွက်နိုင်တော့ ပါဘူး။ အဆိုးဆုံးက အမျိုးသမီးအကျဉ်းသူတွေ လစဉ်ဓမ္မတာလာနေချိန်အတွင်း လစဉ်သုံးပစ္စည်း တွေ မရှိဘဲ ဝတ်ထားတဲ့ထမိန်(ထဘီ)ကို ပတ်လည် လှည့်ဝတ်ခဲ့ရတယ်လို့ ထောင်တွင်းနေစဉ် အဖြစ်အပျက်ကို ဒေလီယာ က ပြန်ပြောပြပါတယ်။
နိုင်ငံရေးအကျဉ်းသူ/သားအချင်းချင်း စကားပြောတာတွေတွေ့ ရင်လည်း “နိုင်ငံရေးသမားတွေ စုနေ ပြီနော်” ဆိုတဲ့ သတင်းစကားဟာ အကျဉ်းထောင်တခုလုံး ပျံ့နှံ့ပြီး အချင်းချင်းစကားပြောဖို့တောင် အခက်ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါတွေအပြင် နိုင်ငံရေးအကျဉ်းသူ/သားတွေဟာ အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုကို ခံခဲ့ရပါသေးတယ်။
“ညဆိုရင်ကင်းစောင့်ရတယ်။ ရေချိုးတန်းစီဖို့အော်ရတယ် ။ ရေချိုးတဲ့အချိန်မှာ အော်ရတာရှိတယ် ။ ထမင်းစားစီတဲ့ အခါမျိုးမှာဆို ထမင်းပုံးတွေ သွား မ ရတာမျိုးတွေပေါ့။ တာဝန်နဲ့ နေရတဲ့ “ဘာရာ” ဆိုတာ ရှိတယ်။ အဲ့ဒီ”ဘာရာ”တွေက တလကို လျော့ရက်လေးရက်ရတယ်ပေါ့နော် ။ ဒါပေမဲ့ အထူးအခွင့် အရေးမျိုးမှာဆိုရင် နိုင်ငံရေးသမားကို သူတို့လုံးဝ”ဘာရာ”မခန့်ဘူး” လို့ ဒေလီယာက ပြောပါတယ်။
ဒေလီယာပြောပြတဲ့ “ဘာရာ” ဆိုတာ ထောင်တွင်း က အကျဉ်းကျ နေတဲ့ အကျဉ်းသားတွေထဲက တဦးကို ခန့်အပ်ထားတဲ့ ရာထူးတခုပါ။ “ဘာရာ” ကို ထောင်ဝန်ထမ်းတွေက ရွေးချယ်ခန့်ကြတာဖြစ်ပြီး “ဘာရာ” အဖြစ် အရွေးချယ်ခံရရင် တလကို လေးရက်လျော့ရက်ရကြတယ်လို့ ဆိုပါတယ်။ “ဘာရာ” ဟာ လစာမရကြပေမဲ့ ထောင်တွင်းမှာတော့ အာဏာအထိုက်အလျောက် ရှိကြတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေ လွတ်ရက်စေ့တဲ့အခါမျိုးတွေမှာလည်း နောက်ထပ်ပုဒ်မ တခုခုတပ်ပြီး ပြန်ဖမ်းတဲ့ဖြစ်စဉ်လည်း မကြာခဏ ရှိခဲ့ပါတယ်။
ဒေလီယာ တယောက် အကျဉ်းထောင်ထဲမှာ အကျခံရတာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ သုံး နှစ်ပြည့် သွားခဲ့ပါတယ်။ ဒါပေမဲ့ သူမ အကျဉ်းထောင်ကနေ လွတ်မြောက်တော့မယ်ဆိုတဲ့အပေါ် သူမအပြည့် အဝ မယုံကြည်ရဲခဲ့ပါဘူး။
“ညီမရဲ့ရှေ့က သူငယ်ချင်းနှစ်ယောက်ကို သူတို့ပြန်ဖမ်းထားတယ်ပေါ့နော်။ မထူးဘူးညီမလည်း ပြန်အဖမ်းခံရမှာပဲလို့ တွေးမိတယ်။” လို့ ဒေလီယာ က ပြောပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ သူမ လွတ်မယ့်မနက်ပိုင်းမှာ ရဲတွေက သူမကို လာခေါ်ပြီး လက်ထိတ်ခတ်ဖို့ ခြိမ်းခြောက်ခံရပါသေးတယ်။ “ရဲစခန်းကို ကောင်းကောင်းမွန်မွန် ပြန်လိုက်ပါမယ်” ဆိုတဲ့ဂတိကြောင့် လက်ထိတ်အခတ်မခံခဲ့ရပါဘူး။
ဒါပေမဲ့ ရဲစခန်းက အချုပ်ထဲမှာ သူမကို သုံး နာရီကြာအောင် ပြန်လည်ချုပ်ထားခဲ့ပါတယ်။ အဒေါ် ဖြစ်သူက ရဲအရာရှိတဦးရဲ့ နာမည်နဲ့ လာခေါ်တဲ့အခါမှသာ လွတ်ခွင့်ပေးလိုက်တာပါ။ နေ့လယ် တနာရီအချိန် သူမ သုံးနှစ်တာ နေခဲ့ရတဲ့ အကျဉ်းထောင်နဲ့ လုံးဝလွတ်မြောက်ခဲ့ရပါတယ်။
လက်ရှိမှာတော့ ဒေလီယာ ဟာ ထိုင်းနိုင်ငံတနေရာမှာ ပညာဆက်လက်သင်ယူနေပြီး တခြားတဖက်မှာလည်း နိုင်ငံရေးအကျဉ်းချခံရတဲ့သူတွေအတွက် ပံ့ပိုးကူညီဖို့ သူမတတ်နိုင်တဲ့ နည်းလမ်းနဲ့ ကြိုးစားနေပါတယ်။
ဒေလီယာလိုဘဲ သုံးနှစ်တာမကဘဲ စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ကရင်နီလူငယ်တွေအပါအဝင် တနိုင်ငံလုံးသော လူငယ်တွေဟာ ဒီကနေ့အချိန်ထိ ၁၀၃၂၉ ဦး ရှိနေဆဲပါဘဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ သူတို့အားလုံးအတွက် စစ်ကောင်စီရဲ့ အကျဉ်းထောင်ဟာ ငရဲခန်း သဖွယ်ဘဲလို့ မှတ်ချက်ပြု တင်စားကြပါတယ်။
ဒေလီယာ ကြုံတွေခဲ့ရတဲ့ ငရဲခန်းတွင်းက သို့မဟုတ် စစ်ကောင်စီရဲ့ အကျဉ်းထောင်ဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေဟာ ဒေလီယာ့ အဖို့ ပြန်လည်ကုစားဖို့ မလွယ်ကူသလို အဲဒီအဖြစ်အပျက်တွေဟာ အိပ်မက်ဆိုးတခုလို သူမကို အမြဲခြောက်လှန့်စေတဲ့ဖြစ်ရပ်လေးအဖြစ် စွဲထင်ကျန်ရစ်နေပါတော့တယ်။