spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

ဒေသခံတွေကန့်ကွက်တဲ့ကြားက မြင်းမထိတောင် သတ္တုတူးဖော်ရေးကို လေးပွင့်ကြယ်နဲ့ မစ္စတာဝမ် ကုမ္ပဏီ ဆက်လုပ်ဆောင်နေ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုမှာရှိတဲ့ မြင်းမထိတောင်မှာ လုပ်ဆောင်မယ့် ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကို ဒေသခံတွေကန့်ကွက်နေတဲ့ကြားက လေးပွင့်ကြယ်ကုမ္ပဏီနဲ့ မစ္စတာဝမ် ကုမ္ပဏီတို့ ဟာ စက်ယန္တရားတွေကို ပို့ဆောင်ပြီး လုပ်ငန်းအတွက် ပြင်ဆင်နေကြတယ်လို့ ပရာဒေါင်းဆွေမျိုးစုက ပြောပါတယ်။

တရုတ်ပိုင် မစ္စတာဝမ် ကုမ္ပဏီ နဲ့ ဦးသန်းစိုးနိုင် ဦးဆောင်တဲ့ ကြယ်လေးပွင့်ကုမ္ပဏီက မြင်းမထိတောင်ပေါ်မှာ အကြီးစား ခဲ၊သတ္တုတူးဖော်တဲ့လုပ်ငန်းဆောင်ရွက်ဖို့ ၅ နှစ်တာ စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။

“သူတို့ဖက်လည်း ဆီ(ဓာတ်ဆီ)ကားတွေ ပစ္စည်းတင်ကားတွေ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ပို့သေးတယ်။ ကျနော်တို့ ရပ်နားခိုင်းပေမဲ့ သူတို့က ဆက်လုပ်ချင်တယ်ဆိုတဲ့ပုံစံပေါ့။ တွေ့ဆုံဆွေးနွေးမှုတွေလည်း အခုထိ မရှိသေးဘူး” လို့ မြင်းမထိ နယ်မြေဒေသခံ ပရာ‌ဒေါင်းဆွေမျိုးစု ဥက္ကဌ အောင်နိုင်စိုးက ပြောပါတယ်။

နယ်မြေဒေသခံဖြစ်တဲ့ ပရာဒေါင်းဆွေမျိုးစုက ခဲ၊သတ္တု တူးဖော်မှုနဲ့ပတ်သတ်လို့ အသေးစိတ်အချက်အလက်ကို ပွင့်လင်းမြင်သာစွာချပြစေလိုတယ်လို့ မတ်လ ၂၆ ရက်နေ့မှာ ကြယ်လေးပွင့်ကုမ္ပဏီထံ အသိပေးစာထုတ်ပြန်ခဲ့ပေမဲ့ ကုမ္ပဏီဖက်က တုံ့ပြန်ခြင်းမရှိဘူးလို့ဆိုပါတယ်။

လက်ရှိမှာ ကုမ္ပဏီတွေက မြင်းမထိတောင်ပေါ်မှာ သတ္တုစမ်းသပ်ရှာဖွေတာ၊ လမ်းဖောက်လုပ်တာ၊ အဆောက်အဦး ပြုပြင်မွမ်းမံတာတွေ လုပ်ဆောင်နေပြီး ရပ်ဆိုင်းပေးဖို့ကိုလည်း ဒေသခံပရာဒေါင်းဆွေမျိုးစုက တောင်းဆိုထားပါတယ်။

ပရာဒေါင်းဆွေမျိုးစုရဲ့ မတ်လ ၂၆ ရက်နေ့က လေးပွင့်ကြယ်ကုမ္ပဏီကိုပေးပို့တဲ့ အသိပေးစာမှာ တွေ့ဆုံဆွေးနွေးမှု မပြေလည်မချင်း ကုမ္ပဏီတွေကနေ စက်ယန္တရား၊ လုပ်သား ဆက်လက်မပို့ဆောင်ဖို့နဲ့ ပို့ဆောင်ပါက ဒေသခံလူထုနဲ့ပူးပေါင်းပြီး သိကျိတ်ကျေးရွာအတွင်း စစ်‌ဆေးဟန့်တားမယ်လို့ ဆိုထားပါတယ်။

“ကျနော်တို့က အိတ်ဖွင့်စာပို့ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်။ အဲ့တိုင်းပဲ ရပ်တည်သွားမယ်။” လို့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ‌အောင်နိုင်စိုးက ပြောပါတယ်။

မြင်းမထိတောင်က သတ္တုတွင်းကို အကြီးစားတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ရင် တောင်ပေါ်မှာရှိတဲ့ ခေါင်တလိုကျေးရွာ၊ စခန်းကြီးရွာဟောင်း၊ စခန်းကြီးရွာသစ် နဲ့ တောင်အောက်မှာရှိတဲ့ သိကျိတ်ကျေးရွာတို့ကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ ဆိုပါတယ်။

မြင်းမထိတောင်ပေါ်မှာ ဘိုးဘေးစဥ်ဆက်က ဒေသခံတွေရဲ့ တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေတဲ့ ခဲ၊သတ္တုတူးဖော်မှုတွေတော့ ယနေ့အထိ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပုံအညွှန်း- ကုမ္ပဏီတွေက မြင်းမထိတောင်ပေါ်ကို သတ္တုတူးဖော်လုပ်ငန်းအတွက် လိုအပ်တဲ့ စက်ယန္တရားတွေကို ဧပြီလ ၅ ရက်နေ့ ၂၀၂၅ ခုနှစ်မှာ ပို့ဆောင်နေစဥ် (ဓါတ်ပုံ – ပရာဒေါင်းဆွေမျိုးစု )

spot_img
spot_img
spot_img

Recent posts