spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲတွေ မထားပဲ တော်လှန်ရေးမှာ ပါဝင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကရင်နီပြည်ထဲရေးဝန်ကြီး တိုက်တွန်း

ကန္တာရဝတီတိုင်း(မ်)

တော်လှန်ရေးမှာ ပါဝင်တဲ့အခါ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲတာတွေ မထားပဲ စည်းစည်းလုံးလုံး ပါဝင်ကြဖို့၊ ယခုကာလဟာ အရေးကြီးချိန်ကာလဖြစ်တဲ့အတွက် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ပြုတ်ကျရေးကိုသာ စွဲမြဲကိုင်ပြီး တော်လှန်ရေးမှာပါဝင်ကြဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူးဖြစ်သလို ကရင်နီပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ ခူးဒယ်နီယာယ်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“ အဓိကခံယူထားရမှာက ဒီအာဏာရှင်ချုပ်ငြိမ်းရေး၊ စစ်အာဏာရှင်ပြုတ်ကျရေး အဲ့ဒီတလုံးပဲ ကိုင်ကြဖို့လိုတယ်။ တစ်ချို့လူက ဘယ်လိုပြောရမလဲ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ အဖွဲ့အစည်းစွဲတွေ သွားထားလို့မရဘူး ဒီချိန်မှာအောင်ချင်တယ်ဆိုရင်တော့ ဒါတွေလုံးဝမရှိသင့်တော့ဘူး။ တကယ်လို့ အာဏာရှင်ပြုတ်ကျပြီဆိုရင် ကျနော်တာဝန်ကျေပြီ အဲ့လောက်ထိပဲမှန်းထားလိုက်အုံး ဒါမှအားလုံးဖြစ်နိုင်မှာပေါ့လေ။” လို့ ခူးဒယ်နီယာယ်က ပြောပါတယ်။

စစ်ကောင်စီနဲ့ ရင်ဆိုင်တဲ့အခါ အားလုံး စုစည်းနိုင်မှ အောင်မြင်မှာ ဖြစ်တဲ့အတွက် PDF တွေ အားလုံးလည်း စုစည်းနိုင်ဖို့ မျှော်လင့်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ တစ်နိုင်ငံလုံးတိုက်ပွဲမအောင်မြင်ရင်တောင် ကျနော်တို့ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရင်ဆိုင်တဲ့ အခြေအနေမျိုးမှာ ကျနော်တို့ ရင်ဆိုင်နိုင်ပြီးမှ တိုက်ပွဲတိုက်နိုင်ဖို့အတွက်ကတော့ စုစည်းမှုက အဓိက အရေးကြီးတယ်ပေါ့။ စုစည်းမှုမရှိဘဲ ကွဲပြားနေရင် ကျတော်တို့ပြည်နယ်မှာလည်း အောင်မြင်နိုင်မှာမဟုတ်ဘူးပေါ့။ ကျနော်တို့က လက်ရှိ PDF အားလုံးစုစည်းနိုင်ဖို့အတွက်ကို မျှော်လင့်ထားတယ်။ အောင်လည်းအောင်မြင်ပါလိမ့်မယ်။ တူတူစုစည်းပြီးတိုက်နိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။” လို့ သူက ပြောပါတယ်။

တော်လှန်ရေးအောင်မြင်နိုင်ဖို့အတွက် ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲတွေ မရှိသင့်တော့သလို စစ်အာဏာရှင်ကိုဖြုတ်ချပြီးရင် ငါ့အာဏာပြန်ယူမယ် ငါ့ငါရပ်တည်မယ်ဆိုတဲ့စိတ် စွဲထားရင် အခုကတည်းက တော်လှန်ရေးမှာ မပါဝင်သင့်ဘူးလို့ ခူးဒယ်နီယာယ်က ဆက်ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးမှာပါဝင်တဲ့အတွက် ပြတ်ပြတ်သားသားပြောရဲရမှာဖြစ်သလို အမျိုးသားရေးအတွက် တိုင်းပြည်အပေါ် စိတ်ရင်းစေတနာနဲ့ ကိုယ်ခန္ဓာလှူဖို့ အသင့်ရှိထားရမှာဖြစ်ပြီး တော်လှန်ရေးအောင်မြင်တဲ့တစ်နေ့ ဘယ်အဖွဲ့အစည်းက လက်နက်ကိုင်သင့်လဲ၊ တိုင်းပြည်ကိုအုပ်ချုပ်သင့်လဲဆိုတာ လူထုက ဆုံးဖြတ်ပေးလိမ့်မယ်လို့ ဆိုပါတယ်။

“လူထုက အဖွဲ့အစည်းအပေါ်မှာ သူတို့ဆုံးဖြတ်လိမ့်မယ်။ ကျတော်ကတော့ ဆုံးဖြတ်ခံရဲတယ်။ ဘယ်အဖွဲ့အစည်းကရှိသင့်လဲ။ ဘယ်အဖွဲ့အစည်းက လက်နက်ကိုင်သင့်လဲ။ ဘယ်သူတွေက တိုင်းပြည်အုပ်ချုပ်သင့်လဲဆိုတာ လူထုက ဆုံးဖြတ်လိမ့်မယ်။ ဒါက လူထုလက်ထဲမှာ။ ဥပမာ ကေအဲန်ပီပီကို လုံးဝလက်မခံတော့ဘူးလို့ လူထုက ပြောလာတဲ့တစ်နေ့ကျရင်လည်း ကျတော်တို့က ထားစရာအကြောင်းမရှိတော့ဘူး။ ဒါကတော့ နိုင်ငံရေးလုပ်တယ် တော်လှန်ရေးမှာပါဝင်တယ် ဆိုရင်တော့ ကိုယ့်ကိုတော့ ပြတ်ပြတ်သားသားပြောရဲရမယ်။ ကျနော်ကတော့ ပြောရဲတယ်။ အဲ့လိုမျိုး လူတိုင်းကလည်း ရှိစေချင်တယ်ပေါ့။ တိုင်းပြည်အပေါ်မှာ စေတနာတကယ်ရှိဖို့လိုတယ်။ ဒီတော်လှန်ရေးအပေါ်မှာ ထဲထဲဝင်ဝင် ရိုးရိုးသားသားနဲ့ ပါဝင်သင့်တယ်။ ဒါကတော့ လက်နက်ကိုင်တဲ့ လူငယ်တွေပဲပြောပြော အဖွဲ့အစည်းပဲပြောပြော ကိုယ့်ရဲ့စေတနာက ပြည့်ပြည့်ဝဝပေးဆပ်မှုဆိုတာက ကျနော်တို့ က စိတ်ရင်းစေတနာအပြင် ကိုယ်ခန္ဓာပါ လှူထားတယ်။ အမျိုးသားရေးအတွက်လေ။ ဆိုတော့ ပါဝင်တဲ့လူတိုင်းက အဲ့လိုမျိုးတော့ ဖြစ်သင့်တယ်ပေါ့လေ။”လို့ ခူးဒယ်နီယာယ်က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ D Day ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ တိုင်းရင်းသားတွေဟာ နကိုယ်ကတည်းက တော်လှန်ရေးကို ဆင်နွဲနေရသူတွေ ဖြစ်ပြီး
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ PDF တွေအားလုံးက ရည်မှန်းချက်တွေ တူညီနေတဲ့အတွက် ခွဲခြားဆက်ဆံမှုတွေ မပြုလုပ်ပဲ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကိုသာ လက်ကိုင်စွဲပြီး တော်လှန်သွားဖို့ လိုအပ်တယ်လို့ ခူးဒယ်နီယာယ်က ဆက်ပြီး တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကရင်နီတပ်မတော် KA ရဲ့ ဒုတိယ – စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြက ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေကို စည်းလုံးမှု ပြုလုပ်ရန်၊ တစ်ဖွဲ့တစ်ဦး ပေါ်ဗျူလာ မဖြစ်ရန်၊ မှိုလိုပေါက်ပြီး မှိုလိုမပုပ်ရန်၊ ကောက်ရိုးမီးလောင်သလို မဖြစ်စေရန်၊ အားလုံးစည်းလုံးရန် ဆောင်ရွက်ပါ ဆိုတဲ့ အချက် ၅ ချက်ပါ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

လက်ရှိမှာ ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

spot_img
spot_img