ကေးဒူ / ကန္တာရဝတီတိုင်း(မ်)
မြူတွေ အုံ့ဆိုင်းနေပြီး ဆောင်းလေအေးလေးလည်း တဖြူးဖြူးနဲ့ ဒီဇင်ဘာလရဲ့ အငွေ့အသက်လေးကို ရှူရိုက်နေရတဲ့ မနက်ခင်းလေးမှာ ကျေးငှက်ကလေးတွေရဲ့ တေးသံကလည်း ဂီတသဖွယ် နားဝင်ချိုလွန်းလှပါတယ်။ အိမ်ကြက်ကလေးတွေကလည်း တတွန်တွန်နဲ့ အိမ်ရှင်မတွေကလည်း အပြိုင်အဆိုင်ကို ထမင်းဟင်းတွေ ချက်ပြုတ်ပြင်ဆင်နေကြပါတော့တယ်။
နေရောင်လေး အနည်းငယ်မြင့်တက်လာတဲ့ အချိန်မှာတော့ ကျေးရွာအတွင်းက လမ်းကြားတွေမှာ အမျိုးသားတွေ အုပ်စုလိုက်တီးတိုးပြောဆိုနေကြပါတယ်။ ခဏအကြာမှာ အိမ်ရှင်မလေးတွေ ချက်ပြုတ်ပြင်ဆင်ထားတဲ့ ထမင်းဟင်းတွေကို မိသားစုလိုက် တပျော်တပါး စားသောက်ကြပါတယ်။ ကျေးလက်တောရွာတွေမှာဆိုတော့ မြို့ပေါ်မှာလို အသား၊ငါး ဟင်းတွေတော့ နပ်မမှန်ကြတာပါ။ တချို့အိမ်တွေမှာဆို ဆီမပါဘဲ ရေလုံပြုတ်ထားတဲ့ ဟင်းရည်ကိုလည်း မြိန်ရေယှက်ရေ စားသောက်နေကြပါတယ်။ မိသားစုဦးရေများတဲ့ ထမင်းဝိုင်းမှာဆိုရင် မဝင်သာတော့လို့ ဒူးတဖက်ကွေးကာ ဝိုင်းဖွဲ့စားသောက်ကြတဲ့ တောဓလေ့ရဲ့ မနက်ခင်း ထမင်းဝိုင်းကိုတော့ ဘယ်အရာနဲ့ နှိုင်းယှဉ်ပုံဖော်လို့ မရနိုင်ပါဘူး။
စားသောက်ပြီး ခဏအကြာမှာ ကလေးငယ်တွေကအစ အမျိုးသားတွေဟာ လောက်စာလုံးထည့်ထားတဲ့ နွမ်းပါးတဲ့လွယ်အိတ်ကလေးတွေ ကိုယ်စီလွယ်ကာ လေးခွတလက်နဲ့ “ငှက်လိုက်ပွဲ” ဆိုတဲ့ကယားလူမျိုးတွေရဲ့ မိရိုးဖလာက ဆင်းတက်လာတဲ့ ရိုးရာဓလေ့တခုကို ဆက်လက်ထိန်းသိမ်းကြဖို့ နေအိမ်ကနေ စတင်ထွက်ခွာကြပါတော့တယ်။
အုပ်စုလိုက် ပျော်ပျော်ပါးပါးနဲ့ ငှက်လိုက်ပွဲကို ဆင်နွဲဖို့ တောထဲကို ထွက်လာကြပြီး သူတို့တွေရဲ့နောက်မှာလည်း တောလိုက်ရာမှာ အလွန်ပါးနပ်လှတဲ့ ခွေးကလေးကလည်း လိုက်ပါလာကြပါတယ်။
အိမ်မှာကျန်ရှိနေခဲ့တဲ့ အိမ်ရှင်မနဲ့ သက်ကြီးပိုင်းတွေကတော့ “တောလိုက်ပွဲ” ပြုလုပ်မယ့် နေရာကလေးမှာ ရိုးရာခေါင်ရည်လေးတွေနဲ့ အမျိုးသားတွေ ပြန်အလာကို စောင့်မျှော်နေကြပါတယ်။ မွန်းတည့်ပိုင်းရောက်လို့ အမျိုးသားတွေ ပြန်ရောက်လာတဲ့ အချိန်မှာတော့ ရိုးရာခေါင်ရည်လေးတွေနဲ့ အမောပြေ တည်ခင်းဧည့်ခံ ကြိုဆိုကြပါတယ်။
တောလိုက်ရာမှာ သားငှက်ကလေးတွေ အများဆုံးရလာသူကိုတော့ ခေါင်ဦးရည်တခွက်နဲ့ သက်ကြီးသူတွေရဲ့ ဆုချခြင်းကို ခံရပါတယ်။ တောထဲကနေ ပါလာတဲ့ တောကောင်တွေကို ခုတ်ထစ်ချက်ပြုတ်ပြီး ပျော်ပျော်ပါးပါးနဲ့ ဝိုင်းဖွဲ့စားသောက်ကြတဲ့ ရိုးရာဓလေ့ကို နှစ်စဉ်နှစ်တိုင်း နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာ ဆင်နွဲကြတာပါ။
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်က စတင်ပြီး ပျော်စရာကောင်းလှတဲ့ သူတို့ရဲ့ ရိုးရာ “ငှက်လိုက်ပွဲ”ကို ကျင်းပဖို့ နေနေသာသာ ကျေးရွာကို စွန့်ခွာပြီး တောထဲတောင်ထဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ “ငှက်လိုက်ပွဲ”ဟာ သူတို့တွေရဲ့ အထွတ်အမြတ်ထားတဲ့ မိရိုးဖလာ ရိုးရာဓလေ့တွေထဲက တခုဖြစ်ပါတယ်။ သူတို့ အထွတ်အမြတ်ထားတဲ့ မိရိုးဖလာ ရိုးရာဓလေ့ဖြစ်တဲ့အတွက် ကျေးရွာအထိ ပြန်မလုပ်နိုင်ရင်တောင် ရောက်တဲ့နေရာတွေမှာ အစဉ်အလာမပျက် ကြိုးစား ပြုလုပ်နေကြတာပါ။

“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသလို လူငယ်တွေက သူတို့ရဲ့ ရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ မပပျောက်သွားအောင် သက်ကြီးပိုင်းတွေက ကြိုးစားထိန်းသိမ်းပြီး လက်ဆင့်ကမ်းနေကြတာကို ပေါ်လွင်စေပါတယ်။
အခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့က ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတရွာမှာ အန္တရာယ်ကြားတွေထဲက “ငှက်လိုက်ပွဲ”ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့လို့ ဝမ်းသာပီတိ ဖြစ်ကြောင်း ပါဝင်ခွင့်ရခဲ့တဲ့ ဒေသခံလူငယ်တဦးက အခုလိုပြောပါတယ်။
“ငှက်လိုက်ပွဲက အရင်ဘိုးဘွားခေတ်ကတည်းက ရိုးရာတခုပေါ့နော်။ ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ငှက်လိုက်ပွဲကို အတတ်နိုင်ဆုံး ကျနော်တို့ ကျင်းပပြုလုပ်တယ်ပေါ့။ ရွာမှာပြန်မနေနိုင်ရင်တောင် စစ်ရှောင်နေတဲ့ နေရာကနေ အကျဉ်းချုပ်ပြုလုပ်ကြတယ်။ ခြားနားချက်ကတော့ အရင်အာဏာမသိမ်းခင်က အများကြီးပဲပေါ့။ တအိမ်ဆို နှစ်ယောက်၊ သုံးယောက် အဲလိုမျိုးသွားကြတာတွေရှိတယ်။ အာဏာသိမ်းပြီးတော့ အတတ်နိုင်ဆုံး ပြန်လာကြတယ်။ ဒါပေမဲ့ ငှက်လိုက်ရင်တော့ လူအများကြီးနဲ့ သိပ်မသွားရဲကြတော့ဘူး။ အရင်တနှစ်က စစ်ကောင်စီစစ်ကြောင်းထိုးလာတော့ မိုင်းတွေထောင်ခဲ့တာတွေလည်း ရှိတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှင်းလင်းပေးတာတွေတော့ ရှိတယ်။ ဒါပေမဲ့ ကျန်နေခဲ့တာတွေလည်း ရှိမယ်ပေါ့နော်။ သက်ကြီးရွယ်အိုတွေက လက်နက်ကြီးထုလာမှာကို အရမ်းနဲ့ စိုးရိမ်ကြတယ်။ ငှက်လိုက်ပွဲ လုပ်တဲ့ရက်မှာပေါ့။ ဒါပေမဲ့ အခုလို ပြီးမြောက်သွားတဲ့အတွက်တော့ ဝမ်းသာတယ် ပြောရမှာပေါ့ “
ငှက်လိုက်ပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့ပေမဲ့ အရင်ကလို လူအုပ်တွေအများကြီးနဲ့ ငှက်လိုက်လို့ မရတော့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လပိုင်းမှာတုန်းက စစ်တပ်ဟာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ကို စစ်ကြောင်းထိုးပြီး မြေမြုပ်မိုင်းတွေ ချန်ထားခဲ့တာ ရှိပါတယ်။
“ငှက်လိုက်ပွဲ” ကို ပြုလုပ်နိုင်ဖို့ တောထဲကို ထွက်ခွာရတာဖြစ်လို့ မြေမြုပ်မိုင်း အန္တရယ်တွေ၊ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်တွေကို စိုးရိမ်ပူပန်နေရတာတွေ ရှိနေတာကြောင့် အခုနှစ် ငှက်လိုက်ပွဲတွေမှာ ပါဝင်နိုင်သူတွေ နည်းပါးလာပါတယ်။ ငှက်ရလာတဲ့ အရေအတွက်ဟာလည်း အရင်နှစ်တွေနဲ့ မတူတော့ပါဘူး။
အသက်၂၅ နှစ်အရွယ်လူငယ်တဦးကတော့ ဒီလိုတန်ဖိုးရှိလှတဲ့ ရိုးရာဓလေ့တွေကို ဆက်လက်ထိန်းသိမ်းသွားကြရမှာ လူငယ်တွေတိုင်းမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“တချို့တွေကတော့ ကျေးရွာထဲကို လုံးဝဝင်လို့ မရတော့တာကြောင့် စစ်ရှောင်စခန်းတွေမှာပဲ ပြုလုပ်ကြတယ်။ တချို့ကျတော့လည်း ခဏတဖြုတ် ကျေးရွာတွင်းမှာ ပြန်လုပ်ကြတယ်။ သက်ကြီးရွယ်အိုတွေကတော့ သူတို့တာဝန်ကျေပါတယ်။ ဒီရိုးရာတွေ မပပျောက်အောင် ဆက်လက်ထိန်းသိမ်းရမှာက ကျနော်တို့ လူငယ်တွေတိုင်းမှာ တာဝန်ရှိတယ်”
ဒေသတွင်းကောင်းမွန်တဲ့အရာတွေ ရောက်ရှိလာဖို့ဆိုတဲ့ အယုံအကြည်နဲ့ ငှက်လိုက်ပွဲ ဓလေ့ကို နှစ်စဉ်မပြတ် ပြုလုပ်လာကြတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတွင်းတွေမှာ ငှက်လိုက်ပွဲကို ရိုးရာမပပျောက်အောင်ပဲ အန္တရာယ်ကြားကနေ ကြိုးစားပြုလုပ်နေရပြီး နောင်လာမယ့်နှစ်တွေမှာတော့ တိုင်းရင်းသားလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ သူတို့ရဲ့ ရိုးရာဓလေ့တွေကို အရင်လို စည်စည်ကားကားနဲ့ ပြန်လည်ကျင်းပနိုင်ဖို့ ကို မျှော်လင့်တောင့်တနေကြပါတယ်။