ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် မတ်လ တစ်လအတွင်း အသက် ၁၈ နှစ်အောက် ၂၄ ဦးအပါအဝင် အမျိုးသမီး သေဆုံးသူ ၆၆ ဦးရှိတယ်လို့ ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့မှာ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါ သေဆုံးခဲ့သူ ၆၆ ဦးမှာ စစ်ကောင်စီရဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၅၀) ဦး၊ လက်နက်ကြီးပစ်ခတ်မှု ကြောင့် (၅) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၂) ဦး၊ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် (၇) ဦး၊ မီးရှို့သတ်ဖြတ် မှုကြောင့် (၁) ဦး နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် (၁) ဦး တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သေဆုံးသူ အမျိုးသမီး ၆၆ ဦးအနက် ကရင်နီပြည်က ၂ ဦးပါဝင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး (၈၈) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၈၈ ဦးမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၄၉) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၂၃) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၁၅) ဦး နဲ့ အကြောင်းမဲ့ ရိုက်နှက်ခံရ မှုကြောင့် (၁) ဦးပါတယ်လို့ ဆိုပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီဟာ ရက်ပေါင်း ၂၀ အထိ အပစ်ရပ်ကြေငြာထားပေမဲ့ နေ့စဥ်နဲ့အမျှ တိုက်ခိုက်မှုတွေလုပ်နေတာပါ။ အပစ်အခတ်ရပ်စဲရေးကြေငြာတဲ့အချိန်ကစပြီး နိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီကြောင့် သေဆုံးသူ ၇၂ ဦးရှိခဲ့ကာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦး နဲ့ အမျိုးသမီး အယောက် (၃၀) ပါဝင်တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။