spot_imgspot_imgspot_imgspot_img
Thursday, January 30, 2025
spot_imgspot_imgspot_imgspot_img

နိုဝင်ဘာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံသူ ၃၃ ဦးရှိတယ်လို့ NUG ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူ (၃၃) ဦး ရှိတယ်လို့ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သား၂၆ ဦး နဲ့ ရဲသား ၇ဦး တို့ ဖြစ်ပြီး ပုံစံအမျိုးမျိုး ၊ ရည်ရွယ်ချက် အမျိုးမျိုးကြောင့်နဲ့ ဝင်လာကြသူတွေဖြစ်တယ်လို့ NUG ရဲ့ ပြည်သူ့ရင်ခွင် တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အရင်တုန်းက ထွက်လို့မရဘဲ တပ်ထဲပိတ်မိနေပြီးတော့ အခုထွက်ဖို့ အခွင့်အရေးရလို့ ထွက်လာတဲ့သူတွေရှိတယ်။ နောက်တစ်ခုက စစ်ရေးပြင်းထန်မှုအရ မသေချင်လို့ပေါ့နော် ရှေ့တန်းမထွက်ချင်လို့ ဝင်လာတာလည်းရှိတယ်။ ပြည်သူ့စစ်မှုထမ်းတွေက နကိုယ်ကတည်းက မဝင်ချင်လို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတာကို ပါသွားပြီးတော့ ကျနော်တို့ကို အကူအညီတောင်းလာတာလည်း အများကြီးရှိပါတယ်။”လို့ ပြည်သူ့ရင်ခွင် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်ကို ရပ်တည် ကူးပြောင်းလာကြတာဖြစ်ပြီး လက်နက်ယူဆောင် လာသူတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေကို ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်နက်မျိုးစုံ (၂၀) လက် ၊ ခဲယမ်းမီးကျောက်လည်း ယူဆောင်လာကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၊ အောက်တိုဘာ ၊ နိုဝင်ဘာ ၃လအတွင်း NUG ကာကွယ်ရေးလက်အောက်က ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာသူ ၈၂ ဦးရှိတယ်လို့ အချက်အလက် အရ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဖက်ရပ်တည်လိုတဲ့ တပ်သားတွေ ရဲတွေ အနေနဲ့ ပြည်သူ့ရင်ခွင်အဖွဲ့၊ နီးစပ်ရာ PDF ၊ ပကဖ ၊ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

spot_img
spot_img
spot_img

Recent posts