spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

“နွေးထွေးလုံခြုံမှု လိုအပ်နေတဲ့ စစ်ရှောင်စခန်းက အဖွားဒေါ်လူမြာ”

ကန္တာရဝတီတိုင်း ( မ် )
( အလုပ်သင် ကျောင်းသားဖြစ်တဲ့ သူရကျော် ၊ ဈားရယ် ၊ မော်ဆော်မိုး တို့ ပူးပေါင်းတင်ဆက်ထားသည်)

သူမကတော့ ထိုင်း – ကရင်နီ နယ်စပ် စစ်ရှောင်စခန်းတခုမှာ နေထိုင်တဲ့ အသက် ၈၀ အရွယ် ဒေါ်လူမြာပါ။ သူ့မှာ သမီးတစ်ဦးရှိပေမယ့် ကျန်းမာရေးမကောင်းတာကြောင့် တခြားနေရာမှာ ဆေးကုသမှုခံယူနေရတဲ့အတွက် စစ်ရှောင်စခန်းမှာ ဒေါ်လူမြာ တစ်ဦးတည်း ကျန်ရစ်နေထိုင်ပါတယ်။

ဒေါ်လူမြာကတော့ တိုက်ပွဲတွေကြောင့် ကျေးရွာကနေအိမ်ကို ထားရစ်ပြီး တောတောင်တွေကိုဖြတ်ကျော်ကာ ဘဝတူ တခြားစစ်ဘေးရှောင်တွေနဲ့အတူ ၄ညတာ လမ်းခရီးမှာ အိပ်စက်ရပြီး ထိုင်းနယ်စပ်ကို ရောက်ရှိလာပါတော့တယ်။

“တစ်နှစ်ရှိပြီ။ ရွာမှာအခြေအနေ တအားဆိုးရွားလာလို့ အိုးအိမ်တွေလည်းမကောင်းတော့ဘူး။ အသက်အရွယ်လည်းကြီးနေပြီ ရှောင် လို့ပြောကြတော့ ထွက်လာခဲ့တာ”

အသက်ရွယ်ကြီးရင့်ပြီးဖြစ်တာကြောင့် ကျန်းမာရေးအခြေအနေ မကောင်းသလို အားအင်ချိနဲ့လာတာကြောင့်လည်း သွားလာလှုပ်ရှားဖို့အတွက် အခက်အခဲရှိနေပါတယ်။ စစ်ကောင်စီတပ်က အရပ်သားရှိရာနေရာ ၊ စစ်ဘေးရှောင်နေရာတွေ ကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်လေ့ရှိတာကြောင့် စိုးရိမ်ထိတ်လန့်နေရတာပါ။

ဒေါ်လူမြာတို့ နေထိုင်နေတဲ့ စစ်ရှောင်စခန်းဘက်ဆီကို စစ်ကောင်စီက ဒရုန်းတွေ လွှတ်ပြီးကင်းထောက်တတ်ပါတယ်။ တခါတရံ ဒရုန်းနဲ့မဟုတ်ပဲ လေယာဉ်တွေနဲ့ လည်း ကင်းထောက်တာတွေရှိပါတယ်။

“ကြောက်တယ်။ အနောက်ဖက်ကမ်းမှာ အသံတွေ (လက်နက်ကြီး ၊ လေယာဉ်သံ ) အမြဲတမ်းကြားနေရလို့ ကြောက်လန့်နေရတယ်။ တညတလေပဲ အိပ်ပျော်တယ်။ ဟိုး….စထွက်လာကတည်းက အခုချိန်ထိအိပ်မရဘူး။ သူများတွေဟိုပြောဒီပြော ထွက်ပြေးရမယ် ရှောင်ရမယ်ပြောကြတော့။ ညဆိုအိပ်မရဘဲ အမြဲနိုးနေရတယ်။ မနက်လင်းခါနီး နည်းနည်း၊ နည်းနည်းပဲအိပ်ပျော်တယ်။ အိပ်မက်တွေလည်း ဘာတွေကိုမက်မှန်းမသိတော့ပါဘူး”

အသက်၈၀ ရှိနေပြီဖြစ်တဲ့ ဒေါ်လူမြာတယောက် စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတစ်ခုတည်းကို ခံရတာမဟုတ်ပါဘူး။ ယခုနှစ်မှာ အယ်နီညိုကြောင့် အအေးဓါတ်ပိုနေတဲ့ အတွက်လည်း အသက်အရွယ်အရ လက်ရှိ ဆောင်းရာသီအအေးဒဏ်ကိုလည်း ဒေါ်လူမြာတစ်ယောက် ကြံ့ကြံ့ခံရပါသေးတယ်။

“မျက်စိမှုံနေတော့ မသွားတတ်ဘူး။ ခြေထောက်နာတယ် ဒူးခေါင်းတွေထဲလည်းနာနေတယ်။ အိပ်တဲ့အခါဆိုရင်လည်း ဦးခေါင်းခွံတွေ ထုံကျင်တယ်။ ခြေထောက်ကျင်တယ်။ ကိုက်ခဲတယ်။ တခါတလေ လေဖြတ်မှာလားလို့ထင်မိတယ်။ တအားအေးလို့ဖြစ်တာလားမသိဘူး။ စောင်လည်းမရှိဘူး။ အထဲကစောင်ပါးပါးလေး ၃ထည်နဲ့ပဲအိပ်ရတယ်။ ခေါင်းအုံးမရှိ စောင်နဲ့ဘဲ အုံးရလို့ ခေါင်းမူးပြီး မျက်စိကိုက်တယ်။”

အသက်အရွယ်အရ မျက်စိမှုံနေတာကြောင့် ချက်ပြုတ်စားသောက်ဖို့ရာမှာလည်း ခက်ခဲလာပြီး အခြား ဟင်းသီးရွက်သီးနှံတွေကို ရှာဖွေစားသောက်ဖို့ မတတ်နိုင်တော့ပါဘူး။ စစ်ရှောင်စခန်းမှာ ထောက်ပံ့ပေးတဲ့ အစားအသောက်နဲ့ အဝတ်အထည်ကိုသာ သူမ အဓိက မှီခိုနေရပါတယ်။

“ ဘားမှမလုပ်တတ်တော့ဘူး။ မရှာစားတတ်တော့ဘူလေး။ ဒီနားလေးက တောင်မှ မတက်တတ်တော့ဘူး။ ရေဆိုလည်းသူများတွေပဲ သွားခပ်ပေးတယ်။ ကိုယ့်ဘာသာကိုမ မနိုင်တော့ဘူး ရေသွားခပ်လို့သူများတွေ့ရင် သယ်လာပေးကြတယ်။ မျက်စိမကောင်းတော့ ထမင်းဟင်းလည်း သေချာမချက်တတ်တော့ဘူး။ ဘာကိုမှသေချာမလုပ်တတ်တော့ဘူး။ ထင်းဆိုလည်းကိုယ့်ဘာသာ မနိုင်မနှင်းလုပ်နေရတယ်။ အရင်နှစ်ကဆိုဘားမှမရှိလို့ သူများတွေလာလုပ်ပေးထားကြတယ်။”

စစ်ရှောင်စခန်းက မိုးကာအပြာနဲ့ အုပ်မိုးထားတဲ့ ဝါးထရံအိမ်ငယ်လေးမှာ အထီးကျန်စွာနေထိုင်ရပြီး သူမရဲ့ နေ့ရက်စဉ်တိုင်းမှာတော့ ထမင်းဟင်းချက်ချိန် ၊ ရေခပ်ချိန်ကလွဲရင် နေအိမ်သန့်ရှင်းရေးလုပ်တာ ၊ အနီးအနားအိမ်တွေမှာ သွားလည်တာတွေနဲ့ပဲ ဖြတ်သန်းနေပါတယ်။

“ဘာလိုချင်လဲဆို အသက်လည်းကြီးပြီဆိုတော့ လိုချင်တာအများကြီးမရှိတော့ပါဘူး။ အနွေးထည်လေးလိုချင်မိတယ်။ ဟင်းဖိုးနည်းနည်းပါးပါးပဲလိုချင်တယ်။ အခြားရှာဖွေလုပ်ကိုင်စားသောက်တာလည်း မလုပ်တတ်တော့ဘူး”

အဖွား ဒေါ်လူမြာလိုပဲ မိသားစုအခက်အခဲ ၊ စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရသူတွေကတော့ စစ်ရှောင်စခန်းမှာ များစွာရှိပါသေးတယ်။ နေရပ်မပြန်နိုင်သေးသ၍တော့ စစ်ရှောင်စခန်းမှာပဲ ဒီလိုအခက်အခဲတွေကို ရုန်းကန်ဖြေရှင်းနေကြရအုံးမှာပါ။

spot_img
spot_img