spot_imgspot_imgspot_imgspot_img
Wednesday, April 30, 2025
spot_imgspot_imgspot_imgspot_img

“နှစ်ခါပြန်ဆုံးရှုံးမှုတွေနဲ့ ကျောင်းဆရာ ဦးစိုင်းကျော်ဝင်း”

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

ဦးစိုင်းကျော်ဝင်းဟာ မီးလောင်ပျက်စီးသွားတဲ့ အိမ်နဘေးက ကားရုံလေးမှာ မိသားစုနဲ့ အတူနေထိုင်ပါတယ်။

ဆိုမိုဖေစိုးလေး (ရှားတော) ဇာတိဖြစ်တဲ့ သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း သူနေထိုင်တဲ့ နေအိမ်ကို မီးလောင်ဆုံးရှုံးခဲ့ရတာပါ။ 

“အိမ်တလုံးဖြစ်လာဖို့ ရုန်းကန်တော့၊ အမျိုးသမီးဆို ဒီမှာနေရင် ပိုက်ဆံက ပြည့်နိုင်မှာမဟုတ်ဘူး။ ကျောင်းဆရာ လစာနဲ့ ဆိုလည်း မဖြစ်နိုင်ဘူးလေ။ သူ့ခမျာ ခုနှစ်နှစ်တောင် ထိုင်းမှာ ပိုက်ဆံသွားရှာရတာ” လို့ ဦးစိုင်းကျော်ဝင်းက နေအိမ်တလုံးဖြစ်လာဖို့ ရုန်းကန်ခဲ့ရပုံကို ပြောပြပါတယ်။

ဦးစိုင်းကျော်ဝင်းဟာ သူ့ဘဝ သက်တမ်းတလျှောက်လုံး နေအိမ်မီးလောင်ပြာကျမှုကို နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသူတဦးပါ။

ပထမအကြိမ်မီးလောင်မှုကတော့ ၁၉၈၆ မှာ ဖြစ်ခဲ့တာပါ။

ပထမအကြိမ်မီးလောင်မှုတုန်းကတော့ အရွယ်ကောင်းသာရှိသေးလို့ ဦးစိုင်းကျော်ဝင်းတယောက်အဖို့ ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမှာ အခက်အခဲတွေသိပ်မရှိခဲ့ပါဘူး။

အခုတခါ ပြန်လည်ထူထောင်ရေးမှာတော့ အသက် ခြောက်ဆယ်ကျော်ရှိပြီဖြစ်တဲ့ သူ့အတွက် အင်မတန်ခက်ခဲလာပါတယ်။

ဦးစိုင်းကျော်ဝင်းဟာ ကျောင်းဆရာ လုပ်သက် လေးဆယ်နှစ်နီးပါး ရှိပါပြီ။ ကျောင်းဆရာစလုပ်တဲ့အချိန်တုန်းက တလကို မြန်မာငွေ ၁၂၀ ကျပ် လစာရတဲ့ ကျောင်းဆရာတယောက်ပါ။

အခုတော့ အသက်အားဖြင့် ခြောက်ဆယ်ကျော်ရှိပြီး ကျောင်းဆရာလုပ်သက် လေးဆယ်နီးပါးရှိတဲ့သူဟာ

ပင်စင်ရခါနီး အချိန်မှာပဲ စစ်အာဏာသိမ်းမှုကြောင့် အသက်ကြီးမှ ဒုက္ခပင်လယ်ဝေရပါတော့တယ်။

“ရည်မှန်းထားတဲ့အရာတွေက အကုန်ပျက်တာပေါ့။ ဥပမာ ဒီအချိန်မျိုးမှာ ပင်စင် ရပြီဆို စုငွေတွေလည်း ရမှာပဲလေ။ အခုတော့ ဒါတွေလည်း ဘာမှခံစားခွင့် မရတော့ဘူးဆိုတော့ ခံစားရတာပေါ့။ ကျန်တဲ့အလုပ်လည်း မလုပ်နိုင်ပဲ ဖြစ်သွားတယ်။” လို့  ဦးစိုင်းကျော်ဝင်းက ပြောပါတယ်။

ကျောင်းဆရာအလုပ်ကို ချစ်မြတ်နိုးပြီး နှစ်ပေါင်းကာလ  လေးဆယ်နှစ်နီးပါး လုပ်ကိုင်လာခဲ့တဲ့ ဦးစိုင်းကျော်ဝင်းအတွက်တော့ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်ထဲမှာ  အမှတ်တရတွေများစွာ သိမ်းဆည်းထားခဲ့တာပါ။

တချိန်တုန်းက Unicef က ထုတ်ပေးခဲ့တဲ့ မြေဖြူတွေ ၊ သူသိပ်ချစ်ရဲ့ သူ့ကလေးတွေ၊ သူ့ကို သိပ်ချစ်ကြတဲ့ သူ့တပည့်တွေ နဲ့ အမှတ်တရတွေ အကုန်လုံး ဆုံးရှုံးသွားတာပါ။

“ကိုယ်လိုချင်တဲ့ပစ္စည်း တန်ဖိုးထားတဲ့ပစ္စည်းတွေ စုဆောင်းထားတာ အဝတ်အစားတွေ ဆိုလည်း အသစ်တွေ အကုန်လုံး၊ တပည့်တွေ လာကန်တော့ထားတဲ့ အဝတ်အစားတွေ မဝတ်ရက်ဘူး၊ ဒီတိုင်းထားတာ။ အိတ်တအိတ်နဲ့ လက်ဆွဲအိတ်တလုံးနဲ ကုတင်အောက်မှာ ထားထားတာ။ အဲတာတွေအကုန်လုံးပါသွားပြီ။ ပြီးတော့ ပန်းချီပစ္စည်းတွေ၊ သင်ထောက်ကူပစ္စည်းတွေ ဆိုလည်း အများကြီးပဲ အကုန်ပျက်စီးသွားပြီ။ ကျောင်းတကျောင်းစာအတွက်ပဲလေ နွေမှာ လုပ်ထားတဲ့အရာတွေ၊ ပြန်ပြီး ပြန့်ပွားအောင် လုပ်မယ်ဆိုပြီးတော့၊ အခုတော့ ဘာမှ မလုပ်နိုင်တော့ဘူး” လို့ ဦးစိုင်းကျော်ဝင်း ကပြောပါတယ်။

အသုပ်ဆိုင်ကို ကားဂိုဒေါင်မှာ ဖွင့်ထားတဲ့ ဦးစိုင်းကျော်ဝင်း အမျိုးသမီးအား မြင်တွေ့ရစဉ်

ဒါတွေတင် မကသေးပါဘူး။ ဦးစိုင်းကျော်ဝင်းဟာ သားသမီးတွေ နေအိမ်ဆောက်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ရှာဖွေစုဆောင်းထားတဲ့ သစ်တွေလည်း ဆုံးရှုံးသွားပါသေးတယ်။  ကာလ ပေါက်စျေးနဲ့ဆို သိန်းပေါင်း သုံးရာဝန်းကျင်လောက် ရှိပါတယ်။

“အဓိကတော့ ငွေပဲ။ ငွေပြည့်စုံရင် ဆောက်လို့ရတယ်။ အခုဆိုရင် ဘိလပ်မြေ တအိတ်ကို တသိန်းကျော်သွားပြီ။ ဆိုတော့ ဘာမှ မတတ်နိုင်တော့ဘူး။ ပြီးရင် တခါတလေဆို တွေးကြည့်မိတယ်။ ဒီအချိန်မှာ ကောင်းကင်ကဟာ(တိုက်လေယာဉ်)  လာတာတွေရှိနေတော့ ဒီ တသက်ငါတို့ ပြန်ဆောက်ဖြစ်ပါ့မလားဆိုတာ ပြန်တွေးနေရသေးတယ်” လို့ ဦးစိုင်းကျော်ဝင်းက ပြောပါတယ်။

ဦးစိုင်းကျော်ဝင်းဟာ သူ့ဘဝတခုလုံးကို ကျောင်းဆရာဆိုတဲ့အလုပ်နဲ့ပဲ ကုန်ဆုံးခဲ့ရတာပါ။

အနာဂတ်မှာ  ကလေးတွေရဲ့ဘဝ သာယာလှပဖို့ကိုရှေ့ ရှုပြီး ကလေးတွေအပေါ် စေတနာ၊ သဒ္ဒါတရား ထက်သန်သူ တဦးပါ။

အသက်အရွယ်အားဖြင့်လည်း အိုမင်းလာပြီဖြစ်လို့ ပင်စင် လခစားဘဝကို တောင်းတမိနေသူပါ။ ပင်စင်စားဘဝနဲ့ ဆက်လက်နေထိုင်ပြီး ဘဝကိုမိသားစုနဲ့အတူ အေးအေးချမ်းချမ်းဖြတ်သန်းဖို့ ရည်ရွယ်ထားတာပါ။

အခုတော့ မီးလောင်သွားတဲ့ နေအိမ်ဘေးက ကားရုံလေးမှာ မိသားစုတွေ ပြင်ဆင်နေထိုင်ကြပြီး စုဆောင်းထားတာလေးတွေ ထုခွဲရောင်းချကြရပါတယ်။

“ရှိတာလေးတွေကို ရောင်းထုတ်တာပေါ့၊ အဲတာနဲ့ ဝယ်စားသောက်ပေါ့၊ နည်းနည်းပါးပါး ဟိုစျေးရောင်းတာလေးလည်း ရှိတယ်၊ အခုက ခေတ်မကောင်းတော့လေ စျေးရောင်းရတာလည်း အဆင်မပြေဘူး။” လို့ ဦးစိုင်းကျော်ဝင်းက ပြောပါတယ်။

သူတို့ဇနီးမောင်နှံနှစ်ဦးမှာ စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် ဇနီးသည် ဖြစ်သူဟာ ပြန်လည် ပြင်ဆင်ထားတဲ့ ကားဂိုဒေါင်လေးထဲမှာ အသုပ် ဆိုင်လေးကို တနိုင်တပိုင် ဖွင့်လှစ်ထားပါတယ်။

ခေါက်ဆွဲကြော် ၊ ခေါက်ဆွဲသုပ်၊ တို့ဖူးသုပ် ၊ အသားလုံးကြော် စတာတွေကို ရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြတာပါ။

အသုပ်ဆိုင်ဟာ ယခင် စစ်တပ်အာဏာကို မသိမ်းယူခင်ကတည်းက ဇနီးသည်ဖြစ်သူ လုပ်ကိုင်ရောင်းချလာခဲ့တဲ့ အလုပ်တခုလည်း ဖြစ်ပါတယ်။

ဇနီးသည်ဖြစ်သူကလည်း ဦးစိုင်းကျော်ဝင်းလိုပဲ အသက် ခြောက်ဆယ်နှစ်အရွယ် ရှိနေပြီဖြစ်လို့ အားအင်တွေ ချိနဲ့လာပါပြီ။ ဒါ့အပြင် သွေးတိုးရောဂါဝေဒနာကို ခံစားနေရသူတဦးဖြစ်ပြီး ဆေးကို ပုံမှန်စွဲသောက်ရတာပါ။ ဒါပေမဲ့လည်း တိုက်ပွဲတွေ၊ စစ်ရေးအခြေအနေတွေကြောင့် ဆိုမိုဖေစိုးလေးမြို့နယ်ကို ဆေးတွေသယ်ယူရောင်းချဖို့ အခက်အခဲတွေရှိနေတာကြောင့် သောက်လက်စ သွေးတိုးဆေးတွေ ပြတ်လပ်သွားတာ နှစ်လကျော်နေပြီလို့ ဆိုပါတယ်။

မီးလောင်ပြာကျသွားတဲ့ မိခင်ဖြစ်သူ ခြံဝန်းထဲ ခရမ်းချဉ် နှင့် ငရုတ်သီး ပင် စိုက်ပျိုးထားတဲ့

“အခုက ခေါင်းမူးနေတယ်။ အိပ်ရင်လည်းမူးတယ်။ အိပ်ရာက ထလာရင်လည်း မူးတယ်။ ခေါင်းက ချာချာလည်နေတယ်” လို့ ဦးစိုင်းကျော်ဝင်းရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

သွေးတိုးရောဂါအတွက် ဆေးတွေမရှိတော့ နီးစပ်ရာဆေးခန်းကို သွားရောက်ပြီး အားဆေးတို့ကို ပုံမှန်သွင်းနေရပါတယ်။

အသက်အရွယ်အားဖြင့် အိုမင်းနေပြီ ဖြစ်တာကြောင့် ဝင်ငွေရတဲ့ အလုပ်တွေကို အများကြီး လုပ်ကိုင်နိုင်စွမ်း မရှိကြတော့ပါဘူး။

သူတို့ဇနီးမောင်နှံနှစ်ဦး နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပြီး၊ နွေးထွေးတဲ့ တတိယမြောက် မိသားစုနေအိမ်တလုံး ပြန်လည်ဆောက်နိုင်ပါ့မလားဆိုတာကို တွေးရင်း စိုးရိမ်ပူပန်နေကြပါတယ်။

မီးလောင်ပြာကျသွားတဲ့ နေအိမ်ဝန်းထဲ မြင်တွေ့ရတဲ့ ဦးစိုင်းကျော်ဝင်း
spot_img
spot_img
spot_img

Recent posts