ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ မတ်လ ၂၉ ရက်နေ့ ကရင်နီပြည်နယ် ရှားတော မြို့နယ်(တစ်နည်းအားဖြင့် ဆိုမိုဖေစိုးလေးမြို့နယ်) ထဲက ကျေးရွာတစ်ရွာမှာ လာမယ့်နှစ်တွေအတွက် သီးနှံတွေ စတင်စိုက်ပျိုးဖို့ ပြင်ဆင်နေပြီး ဦးစွာ တောင်ယာ မီးရှို့မှုကို စတင်ပြုလုပ်နေကြပြီလို့ သိရပါတယ်။
မိုးရာသီရောက်တာနဲ့ သီးနှံတွေ စိုက်ပျိုးလို့ရအောင်ဆိုပြီး တောင်ယာ မီးရှို့မှူကို စတင်ပြုလုပ်ကြတာ ဖြစ်တယ်လို့ တောင်ယာ စိုက်ပျိုးသူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒီနှစ်သစ်လည်း ရောက်တော့မှာဆိုတော့ ဦးစွာမီးကို စတင်ရှို့ကြတယ်။ နောက်ပိုင်းကျရင် တောင်ယာတွေ ဘာတွေလုပ်ရတော့မယ်။ မိုးကျလာရင် ပြောင်းကောက်တွေ၊ စပါးတွေ စတင် စိုက်ပျိုးရတော့မှာ ဖြစ်တယ်။ တံခွန်တိုင်ပွဲ ပြီးမှပေါ့။ မပြီးသေးရင်လည်း ဘာမှ မလုပ်သေးဘူး။ မိုးကျလာပြီဆိုမှ အသီးအနှံတွေ စတင်စိုက်ကြပြီ။ စပါး၊ပြောင်းကောက်တွေ စပြီးတော့ စိုက်ကြပြီ။”လို့ တောင်ယာ စိုက်ပျိုးသူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒေသခံတွေ အများစုကတော့ စား၀တ်နေရေးအတွက် တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါး၊ နှမ်း တို့ကို အဓိကထား စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုကြောင့် ဒေသခံတွေစိုက်ပျိုးထားတဲ့ သီးနှံတွေ ရေလွှမ်းတာတွေကြောင့် ပျက်စီးမှုများပြားခဲ့ပါတယ်။ တောင်ယာစပါးလဲ ပျက်စီးမှုရှိခဲ့ပြီး ၀မ်းရေး ဖူလုံမှုမရှိဘူးလို့ ဒေသခံတွေကပြောဆိုကြပါတယ်။
လက်ရှိမှာတော့ ဆိုမိုဖေစိုးလေးမြို့နယ်မှာ ဆန်တစ်အိတ် တစ်သိန်းနှစ်သောင်း ပေး၀ယ်ရတယ်လို့ သိရပါတယ်။
ရှားတောမြို့နယ်မှာ ကျေးရွာပေါင်း ၂၈ ရွာ ရှိပြီး အုပ်စု ၄ အုပ်စု ရှိပါတယ်။ အိမ်ခြေပေါင်း ၇၀၀ ကျော်ရှိပြီး လူဦးရေ ခုနစ်ထောင်ဝန်းကျင် ရှိပါတယ်။
ရှားတောမြို့ဟာ တော်လှန်ရေး တပ်ဖွဲ့တွေ အလုံးစုံ ထိန်းချုပ်ထားနိုင်တဲ့ စစ်ကောင်စီ ကင်းစင် နယ်မြေဖြစ်ပေမယ့်လည်း ပြည်သူလူထုအများစုဟာ စစ်ကောင်စီရဲ့ လေကြောင်း အန္တာရာယ်ကို စိုးရိမ်နေတာကြောင့် မိမိကျေးရွာတွင်မှာ အနည်းအကျဉ်းသာ ပြန်လည်နေထိုင်ကြသေးတယ်လို့ သိရပါတယ်။