spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

နှစ်သောင်းတန်နောက်ဆက်တွဲ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်ကူညီရေးအဖွဲ့တွေ ပိုမိုခက်ခဲလာ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပံ့ပိုးပေးနေတဲ့ စစ်ရှောင်ကူညီရေးအဖွဲ့တွေဟာ ငွေ ၂သောင်းတန်ထွက်ပြီးတဲ့နောက် မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် ကူညီလှူဒါန်းမှုအပိုင်းမှာ အခက်ခဲများစွာ ပိုရှိလာတယ်လို့ စစ်ရှောင်ကူညီသူတွေထံကနေ သိရပါတယ်။

“ဒီငွေ ၂သောင်းတန်(၂၀၀၀၀) ထွက်ပြီးတဲ့နောက်မှာ တော်တော်လေးကျပ်တည်း‌နေကြတယ်။ နောက်ပြီး ကုန်စျေးနှုန်းတွေလည်း တကုန်ကျပ်တည်းလာကြတယ်လေနော်။ တကယ်လို့ အရင်ကဆို ၁၅၀၀တန်ဆို ၃၀၀၀နီးပါးတက်တဲ့အခါကြတော့ တော်တော်လေးဒုက္ခရောက်တယ်ဗျ” လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးကာလ ကြာလာတာကြောင့် အလှူငွေထည့်ဝင်နိုင်မှု နည်းလာတဲ့အပြင် ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့်လည်း စစ်ဘေးရှောင်ကူညီသူတွေက အခက်အခဲတွေပိုများလာတာလို့လည်း ဆိုထားပါတယ်။

အထူးသဖြင့် အခြေခံ စားနပ်ရိက္ခာဖြစ်တဲ့ ဆန်စျေးတွေ မြင့်တက်လာပြီး ရိုးရိုးဆန်တအိတ်ကို ၆သောင်းကျပ်ကနေ ယခု တစ်သိန်းကျပ်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

“နိုင်ငံခြားငွေက မြင့်တက်ပြီးတော့ မြန်မာငွေစျေးနှုန်းတန်ဖိုးကျဆင်းတဲ့အချိန်မှာ ကျမတို့အနေနဲ့လည်း စျေးပိုပေးရတဲ့ ဟာမျိုးတွေ ရှိတယ်။ ဒါတွေကတော့ ကျမတို့အဖွဲ့တစ်ဖွဲ့တည်းမဟုတ်ဘူး မြေပြင်မှာရှိတဲ့ အဖွဲ့တိုင်းကြုံနေရမဲ့ ဟာလို့တော့ထင်ပါတယ်”လို့ စစ်ရှောင်ကူညီတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dove KK မှ မတန်ခူးက ဆိုပါတယ်။

အဆိုပါ Dove KK အဖွဲ့ဟာ စစ်ရှောင်ကူညီရေးအပြင် ဆေးပိုင်း၊ပညာရေးနဲ့ ရဲဘော်လိုအပ်ချက်ဆိုင်ရာတွေမှာပါ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

အခက်အခဲအမျိုးမျိုးကြောင့် အလှူရှင်တွေမလာရောက်နိုင်တဲ့အခါ စစ်ရှောင်စခန်းတွေမှာ ရိက္ခာပြတ်လပ်မှုတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့ ဒီးမော့ဆိုအနာက်ဘက်ခြမ်းက စစ်ရှောင်တစ်ဦး ကပြောပါတယ်။

“ဒီစားနပ်ရိက္ခာ မဖူလုံမှုကနေတဆင့် ဒီလိုပေါ့နော် စစ်ရှောင်တွေမှာ စိတ်ဓါတ်ကျပြီး ခံစားချက်တွေဖြစ်လာနိုင်တယ်။ အားငယ်တဲ့ စိတ်တွေ နောက် ဒီစစ်ပွဲတွေကြောင့်ပေါ့နော် သူတို့ ဒီလိုဒုက္ခတွေ ခံစားနေရတယ်ဆိုတာ သိမြင်လာရတယ်။”လို့ အဆိုပါ စစ်ရှောင် ကပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၂သိန်းခွဲကျော်ရှိနေပြီ အများစုက ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ရှိနေကြပါတယ်။

spot_img
spot_img