spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

ပင်လောင်း-ဖယ်ခုံမြို့ နယ်စပ်တိုက်ပွဲကြောင့် ထပ်မံတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထပ်မံတိမ်းရှောင်လာကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဖယ်ခုံအနောက်ဖက်ခြမ်းမှာ အများစု ပြန်လာတိမ်းရှောင်ကြပြီး စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းအတွက် အမိုးအကာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေထံကနေ သိရပါတယ်။

ထပ်မံတိမ်းရှောင်လာသူ နှစ်ထောင်ဝန်းကျင်ရှိပြီး စစ်ရှောင်စခန်းတွေမှာ ပြန့်ကျဲနေထိုင်ကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီဖက်ကနေ ပြန်လာတဲ့အုပ်စု ကလည်း ကျေးရွာအသီးသီးနဲ့ စစ်ရှောင် တချို့သော စစ်ရှောင်စခန်းတို့မှာ ပြန့်နှံ့ပြီး သွားနေကြတာပေါ့နော်။ ခန့်မှန်းကတော့ လူဦးရေ ထောင်နဲ့ချီရှိတာပေါ့နော်။ နှစ်ထောင်ဝန်းကျင်လောက်ရှိမယ်ပေါ့နော် အဲ့တာ သူတို့ အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသမှု၊ နေရာထိုင်ခင်းအတွက် မိုးကာတွေက အ‌ရေးပေါ် လိုအပ်နေတယ်ပေါ့နော်”လို့ သူက ပြောပါတယ်။

စစ်ရှောင်အများစုဟာ ဖယ်ခုံမြို့နယ်အနောက်ဖက် ခေါင်းအိကျေးရွာဖက် ကို ပြန်လာရှောင်ကြတာရှိသလို တခြားနေရာတွေကိုလည်း သွားရောက်တိမ်းရှောင်ကြသူလည်း ရှိနေပါတယ်။ စစ်ဘေးရှောင်တွေဟာ ဖယ်ခုံမြို့နယ်က ဒေသခံတွေ အများဆုံးဖြစ်ပြီး လက်ရှိအချိန်ထိ မြို့ပေါ် ရပ်ကွက် ၊ ကျေးရွာတွေမှာ ပြန်လာနေထိုင်လို့မရသေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“ဖယ်ခုံမြို့ပေါ်မှာတော့ ပြန်နေလို့ မရသေးဘူးပေါ့နော် ။ တိုက်ပွဲဆိုတာထက် စစ်ကောင်စီနဲ့ သူတို့ လက်အောက်ခံ PNOက တစ်ဖက်သတ် ပစ်ခတ်မှုတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တာရှိတာပေါ့နော် ။အဲ့ကြောင့် ပြန်လာနေလို့ အဆင်မပြေသေးပါဘူး။ လယ်လုပ်တဲ့သူတွေကိုလည်း ပစ်ခတ်မှုတွေ လုပ်နေတာရှိတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ရှောင်တွေဟာ ပင်လောင်း-ဖယ်ခုံနယ်စပ်က ဖယ်ခုံ၊ ဗန်းမောက်၊ လွိုင်ကျိုင်း၊ မိုးဦး စတဲ့ကျေးရွာက စစ်ရှောင်တွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ခေါင်းအိကျေးရွာအုပ်စုဖက်မှာ မူလ စစ်ရှောင်ဦးရေ ၇ ထောင်ဝန်းကျင်ကျင်ရှိပြီး လက်ရှိမှာ ၂ထောင်ဝန်းကျင် ထပ်မံရောက်ရှိလာတာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပူးပေါင်းတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေက ဒေသခံတွေရဲ့ နေအိမ် ၊ ဘာသာရေးအဆောက်အအုံ တွေကို ပစ်ခတ်ဖျက်ဆီးမှု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လယ်ယာ၊ တောင်ယာ လုပ်ကိုင်ကြတဲ့ ဒေသခံတွေရှိရာနေရာတွေကိုလည်း လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိတာကြောင့် စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts