ကေးဒူ/ကန္တာရဝတီတိုင်း(မ်)
“အိမ်ကတော့ မကောင်းပါဘူး။ ဒါပေမယ့် အိမ်က အိမ်ပဲလေနော်။ ပင်ပင်ပန်းပန်းနဲ့ ဆောက်ထားရတာ”
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက မိုးသည်းထန်စွာ ရွာသွန်းမှုမှာ ပွန်ချောင်းရေ မြင့်တက်လာပြီး လူနေအိမ်တွေ ရေထဲမျောပါသွားတဲ့အထဲမှာ ဒေါ်နို (အမည်လွဲ) တို့ရဲ့ မိသားစုအိမ်ကလေးဟာလည်း တစ်လုံးအပါအဝင် ဖြစ်ပါတယ်။
ယခင်ကတည်းက စားဝတ်နေရေး ကြပ်တည်းနေတဲ့ ဒေါနိုတို့ မိသားစုဟာ ယခုချိန်မှာ ပိုမိုခက်ခဲ ကြမ်းတမ်းလာသလို နေထိုင်စရာအိမ်လည်း မရှိတော့ပါဘူး။
အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒေါ်နို ဟာ ၈ နှစ်အရွယ် သားလေးနဲ့အတူ ကရင်နီပြည် ဆိုမိုဖေစိုးလေး (ရှားတော)မြို့နယ်ထဲက ပွန်ချောင်းလို့ ခေါ်တဲ့ ကျေးရွာမှာ နေထိုင်ကြတာပါ။
မိသားစုတွေဟာ ကြုံရာကျပမ်းအလုပ်ကို လုပ်ကိုင်ကြသူတွေဖြစ်ပြီး ရွာထဲက တခြားသူတွေလို ပိုင်ဆိုင်ထားတဲ့ တောင်ယာမြေတွေလည်း မရှိပါဘူး။
နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် ခြံငှားလိုက်တဲ့ အလုပ်ကို ပင်ပင်ပန်းပန်းနဲ့ ကြိုးစားလုပ်ကိုင်ရပါတယ်။
“ကျောင်းဆက်တက်ချင်သေးတယ်တဲ့ ပြောလာတယ် ကလေးက။ ကြည့်ကြည့်ဦးမယ်။ ပိုက်ဆံမရှိတော့ တက်နိုင်မလား။ မတက်နိုင်ဘူးလား မသိသေးဘူး။ နင့်အဒေါ်တို့နားတွေမှာ ပိုက်ဆံချေးလို့ ရခဲ့ရင်တော့ ပြန်တက်ပေါ့။” လို့ ဒေါ်နို က သားဖြစ်သူရဲ့ လာမဲ့ပညာသင်နှစ်အတွက် သားဖြစ်သူကို ပြောထားတဲ့ အစီအစဉ်ကို ပြန်ပြောပြတာပါ။
သားဖြစ်သူမှာတော့ လာမယ့်ကျောင်းတက်ရာသီမှာဆိုရင် (၃) တန်းကို တက်ရတော့မှာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဒေါနို တို့ မိသားစုဟာ တောထဲတစ်နေရာမှာ တဲလေးထိုးကာ နေထိုင်နေကြပါတယ်။ သားဖြစ်သူ ကျောင်းတက်ရင်တော့ တောထဲမှာ ဆက်နေလို့မရတော့ပါဘူး။ သူတက်ရမယ် စာသင်ကျောင်းဟာ ယခင်နေခဲ့တဲ့ ပွန်ချောင်းရွာရဲ့ မနီးမဝေး တစ်နေရာမှာ ဖွင့်လှစ်ထားတာကြောင့်ပါ။
ရွာမှာ ပြန်လည်နေထိုင်ဖို့အတွက် နေအိမ်မရှိတော့သလို ကလေးအတွက် ကျောင်းစရိတ်လည်း မတတ်နိုင်မှာကို စိုးရိမ်ပူပန်နေရပါတယ်။
“ကလေး ကျောင်းပြန်လာတက်ရင်တော့ ဒီမှာပဲ မိုးကာလေးနဲ့ နေရမှာပေါ့။” လို့ ပွန်ချောင်းရွာက အိမ်နေရာဟောင်းကို ရည်ညွန်းပြီး ဒေါ်နို က ပြောပါတယ်။

ယခင် ဒေါ်နို တို့ နေထိုင်ခဲ့တဲ့ အိမ်ကလေးမှာတော့ ရေနဲ့အတူ အကုန်လုံး မျောပါသွားတာကြောင့် ဟာလာဟင်းလင်းကွင်းပြင် တစ်ခုအနေနဲ့သာ မြင်တွေ့ ရပါတော့တယ်။
“ကလေးက ကျောင်းတက်ချင်တယ်။ ကျောင်းတက်ရတာကို သူအရမ်းစိတ်အားထက်သန်တယ်” လို့ သားဖြစ်သူရဲ့ ဆန္ဒကို ဒေါ်နို က ပြန်ပြောပြပါတယ်။
ပညာရေးမှာ စိတ်အားထက်သန်တဲ့ သူမရဲ့ ကလေးငယ်အတွက် ဒေါ်နို တစ်ယောက်မှာတော့ မိမိနေထိုင်ရာ တောထဲတစ်နေရာကို စွန့်ခွာပြီး ကျေးရွာမှာ ပြန်လည်နေထိုင်နိုင်ဖို့ကို ကြိုးစားနေပါတယ်။
အခုတော့ တောင်ယာခြံအလုပ်ကို နေ့စားခေါ်တာ ပါးနေသေးတာကြောင့် ဒေါနို တစ်ယောက် အခက်တွေ့နေရပါတယ်။ နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ဖို့ကို ပူပန်နေရသလို သားလေးရဲ့ အနာဂတ်ပညာရေးအတွက် မပံ့ပိုးပေးနိုင်မှာကိုလည်း အလွန်ပင် စိုးရိမ်ပူပန်နေရပါတယ်။
ပွန်ချောင်းကျေးရွာရဲ့ စာသင်ကျောင်းကလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတုန်းက ရေကြီးရေလျှံမှုမှာ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ စာသင်ကျောင်းကို ပြန်လည်ပြုပြင်နိုင်ဖို့အတွက် ရွာထဲက မိသားစုဝင်တိုင်း တစ်ပတ်ကိုတစ်ခါ ကျောင်းသန့်ရှင်းရေး၊ ပြင်ဆင်ရေး အလုပ်တွေကို လုပ်အားပေး လုပ်ကိုင်နေကြရပါတယ်။
“မြေကြီးတွေသယ်ထုတ်ရမယ် ကျောင်းကိုလဲ ရေဆေးရမယ်။ ရေစုပ်စက်နဲ့ ဒါတွေလုပ်ဖို့လိုမယ်။ ပြန်ပြင်ရမယ့် အပိုင်းတွေကျတော့ မပြင်နိုင်ပါဘူး။ မျက်နှာကျက်တွေလည်း အကုန်လုံးကွာကျ အုတ်ကြွပ်ပြားတွေလည်း ကွာကျတော့ ပြန်ပြင်ဖို့ ကျနော်တို့လည်း မလုပ်နိုင်ဘူး။ ကျောင်းကို သန့်ရှင်းဖို့လောက်ပဲ။ ကလေးတွေ စာသင်လို့ရရင် အဆင်ပြေပြီပေါ့။” လို့ ကျေးရွာ ဥက္ကဌ တစ်ဦးဖြစ်တဲ့ ဦးသိန်းထွန်းက ပြောပါတယ်။
ဒေါ်နို တို့ ကျေးရွာမှာတော့ ကလေးတွေ ပညာရေးအတွက် အတန်းပညာကို (၄) တန်းအထိပဲ ဖွင့်လှစ်ပေးထားပါတယ်။ ကလေးတွေ (၄) တန်းကို အောင်မြင်ပြီးလို့ နောက်ထပ် ကျန်တဲ့ အတန်းပညာတွေကို ဆက်လက်သင်ယူချင်တယ်ဆိုရင်တော့ ဝေးလံတဲ့ ဒေသဆီကို ပို့ဆောင် သင်ကြားစေပါတယ်။
ဒေါ်နို တို့လို မိသားစုဝင်ငွေ အဆင်မပြေတဲ့ မိသားစုတွေအတွက် ကလေးတွေရဲ့ ပညာရေးကို ရှေ့ဆက်ထောက်ပံ့နိုင်ဖို့ဆိုတာ ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါ။
“ကျနော်တို့ဒီဒေသမှာတော့ ပထမတစ်ခုက မူလတန်းတွေတော့ များတယ်ပေါ့နော်။ အထက်တန်းဆိုလို့ ဒီကာလမှာ တစ်ကျောင်းပဲ ဖွင့်လှစ်နိုင်တယ်ပေါ့နော်။ အဲ့အတွက်ကြောင့်မလို့ ၄ တန်းတက်ပြီးတဲ့သူက ၅တန်းသွားတက်ဖို့ဆိုရင် အရမ်းဝေးတယ်။ အဲ့လိုဝေးတဲ့အချိန်မှာ သူတို့မိဘတွေက အရှေ့မှာလည်း ကျောင်းသွားမထားနိုင်ဘူး။ မပံ့ပိုးပေးနိုင်တော့ အဲ့ဒီကြားကာလတွေမှာလဲ ကျောင်းထွက်တာတွေ ရှိတယ်။” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်၊ မြို့နယ်ပညာရေးမှူး ခူးငါးရယ်က ပြောပါတယ်။
ဒေါ်နို လိုပဲ သားသမီးတွေရဲ့ ပညာရေးအတွက် ပူပန်နေရတဲ့ မိဘတွေ ပွန်းချောင်းရွာမှာ ရှိပါသေးတယ်။
“ဒီမှာက ၄ တန်းအထိပဲ ဖွင့်တယ်။ တကယ်လို့ ၅ တန်းတက်ပြီဆိုရင် တခြားနေရမှာပဲ သွားတက်ရတယ်။ အဲ့ဒါကြောင့် သူဘယ်မှာ ကျောင်းသွားတက်ရမယ်၊ ဘယ်မှာနေထိုင်ရမယ် ဆိုတာကိုတွေးပြီး အရမ်းစိတ်ပူနေရတယ်။” လို့ သား ၃ ယောက်မိခင် အသက် ၄၀ အရွယ် ဒေါ်ချိုချို (အမည်လွဲ) က ပြောပါတယ်။
ဒေါနို လိုပဲ ဒေါ်ချိုချိုဟာ သားလေးတွေကို ရှာဖွေကျွေးမွေးပြီး ပညာရည်ချွန်ဖြစ်မြောက်နိုင်အောင် ကြိုးစားနေသူပါ။
လာမယ့် ကျောင်းဖွင့်ရာသီမှာတော့ အသက် (၁၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အကြီးဆုံးသားလေးဟာ (၅) တန်းကို တက်ရောက်ပညာသင်ယူရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် တခြားဒေသကို ပို့ဆောင်ပြီး ပညာသင်ကြားရတော့မှာပါ။
ပွန်ချောင်းရွာကနေ ၄တန်းပြီးမြောက်ပြီး ၅တန်းကို တက်ရမယ့် ကျောင်းသားတွေဟာ တခြားဒေသက နီးစပ်ရာဆွေမျိုးတွေဆီမှာ နေထိုင်ပြီး ကျောင်းတက်နေကြရပါတယ်။

သားသမီး ပညာရေးစရိတ်ကို မတတ်နိုင်ကြတဲ့ မိဘတွေမှာတော့ ကလေးငယ်တွေ တဝက်တပျက်နဲ့ ကျောင်းထွက်ခဲ့ကြရပါတယ်။ တောင်ယာလုပ်ငန်း တစ်ခုကိုသာ မှီခိုပြီး သားသမီးကို ရှာဖွေကျွေးမွေး နေရတာကြောင့် ပညာရေးပိုင်းမှာ ဆက်လက် မထောက်ပံ့ပေးနိုင်မှာကို ဒေါ်ချိုချိုက တွေးပြီး ပူပန်နေရတာပါ။
“လုပ်ကိုင်စရာဆိုလို့ တောင်ယာတမျိုးပဲ ရှိတယ်။ ကျန်တာတော့ ဘာမှ ထွေထွေထူးထူး မလုပ်ကိုင်တတ်ဘူး။ တောင်ယာကွက်ဆိုလည်း အများကြီး မရှိပါဘူး။” လို့ ဒေါ်ချိုချိုက ပြောပါတယ်။
ကလေး (၃) ဦးစလုံးမှာ ကိုယ်စီ ဝါသာနာတွေ၊ ရည်မှန်းချက်တွေ ရှိနေတာကြောင့် ကျောင်းကို ဆုံးခန်းတိုင်အောင် ထားပေးနိုင်ပါ့မလား ဆိုတာကိုလည်း ဒေါ်ချိုချို က ပူပန်နေရပါတယ်။
ဆိုမိုဖေစိုးလေး(ရှားတော) မြို့ပေါ်မှာတော့ လူငယ်တွေရဲ့ ကျောင်းတက် ရာခိုင်နှုန်းဟာ (၅၀) ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုမိုဖေစိုးလေး(ရှားတော) လူငယ် ဥက္ကဌ တစ်ဦးဖြစ်တဲ့ ခူးကူးရယ် ပြောပါတယ်။
အခြေခံပညာတွေကို သင်ယူရမယ့်အရွယ်တွေမှာ မိသားစု စားဝတ်နေရေး အဆင်မပြေမှုတွေ ၊ နေရာထိုင်ခင်း အခက်အခဲတွေ၊ နိုင်ငံရေး မငြိမ်းချမ်းမှုတွေ စတဲ့အခက်အခဲတွေကြောင့် လူငယ်ရဲ့ ၅၀ ရာခိုင်နှုန်းဟာ လမ်းပေါ်မှာ အလေလွင့်ခဲ့ရတာတွေ ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။