ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းတစ်နေရာမှာ အမှိုက်ကောက်ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်နေတဲ့ “မျိုးဆက်သစ်ပရဟိတလူငယ်(NGPY)” ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာလ ၂၉ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
မျိုးဆက်သစ်ပရဟိတလူငယ်(NGPY)အဖွဲ့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့မှာ ဆယ်ကျော်သက်စစ်ဘေးရှောင်လူငယ် (၅၀) ကျော်နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး အခုဆိုရင် တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။
” ဒီကလူငယ်တွေက အပြင်မှာဆို သွားသွားလာလာပျက်စီးတဲ့လူငယ်တွေကို ပြန်စုစည်းပေးချင်တယ်။ ပြီးတော့ နိုင်ငံရေးအခြေအနေမကောင်းတဲ့အတွက် နိုင်ငံရေးရဲ့တစ်ထောင့်တစ်နေရာမှာပါဝင်ပြီး ကမ္ဘာကြီးကိုသန့်ရှင်းအောင်လုပ်ပေးချင်တယ်။ ပြီးတော့ ဆိုးကျိုး၊ ကောင်းကျိုးတွေကို ပြည်သူတွေကို သိစေချင်တယ်” လို့ NGPY ဥက္ကဌက ပြောပါတယ်။
မျိုးဆက်သစ်ပရဟိတလူငယ်အဖွဲ့ဟာ ဒီးမော့ဆို အနောက်ခြမ်းက ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်လိုက်ကောက်တဲ့ တစ်ခုတည်းသော ကိုယ်ထူကိုယ်ထ ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ကျောင်းနေအရွယ် စစ်ဘေးရှောင် ဆယ်ကျော်သက်လူငယ်တွေ အများဆုံးပါဝင်ပြီး ရပ်ရွာဒေသခံတချို့လည်း ပါဝင်ကူညီနေတယ်လို့ သိရပါတယ်။
“ကျမတို့လက်တလောမှာက တစ်ပတ်တစ်ကြိမ် တနင်္ဂနွေနေ့ဆိုရင် အမှိုက်လိုက်ကောက်ပေးတယ်။ ကျမတို့ပညာပေးအစီအစဥ်လည်းရှိတယ်ပေါ့နော်။ နောက်နောင်ကျရင်လည်း ကျမတို့ဒီတိုင်းပဲဆက်သွားမှာပေါ့နော်”လို့ ဥက္ကဌ က ဆက်ပြောပါတယ်။
ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးသင်တန်းတွေ၊ အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်အောင် အသိပညာပေးသင်တန်းတွေ ပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
“ဒီးမော့ဆိုအနောက်ခြမ်းမှာတော့ တာဝန်ယူပြီးအမှိုက်တွေလိုက်ကောက်ပေးနေတယ်။ တနင်္ဂနွေနေ့တိုင်း လိုက်ကောက်ပေးနေတယ်။ ကားမရှိလည်း ကားရှာပြီးငှားတယ် မိုးရွာလည်းကောက်တယ် နေပူလည်းကောက်တယ် အမြဲတမ်းလုပ်ဆောင်နေတာ တွေ့ရတယ်ပေါ့။ ကလေးတွေဦးဆောင်ပြီး အားတက်သရောပါဝင်တာ တွေ့ရတယ်ပေါ့နော။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မျိုးဆက်သစ်ပရဟိတလူငယ်အဖွဲ့ကို ကိုယ်ထူကိုယ်ထ ရုန်းကန်နေရတဲ့အတွက် ဆက်လက်လည်ပတ်နိုင်ဖို့ အကူအညီ၊ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။