spot_imgspot_imgspot_imgspot_img
Friday, January 3, 2025
spot_imgspot_imgspot_imgspot_img

ပိုခက်ခဲပြီး မိသားစုဦးရေများတဲ့စစ်ရှောင်တွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့မှာ ဆန်ရိက္ခာထုတ်ပေး

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တစ်ရက်မှာ ပိုခက်ခဲပြီး လူဦးရေပိုများတဲ့ စစ်ရှောင်မိသားစုတွေကို တစ်ဦးလျှင် ဆန် နှစ်ဘူးခန့် ထုတ်ပေးရတယ်လို့ စစ်ရှောင်စခန်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ အိမ်ခြေ ၅၆၀ ကျော်၊ လူဦးရေ ၂၀၀၀ကျော် နေထိုင်လျက်ရှိပြီး နောက်ပိုင်းတွေမှာ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေ နည်းပါးလာသလို လူဦးရေများတာကြောင့် ပိုခက်ခဲတဲ့သူတွေကို အပတ်စဉ် ဆန်ထုတ်ပေးတယ်လို့ အခုလိုပြောပါတယ်။

“နောက်ပိုင်းမှာ အလှူရှင်တွေက ပိုပြီးပါးလာတယ်ပေါ့နော်။ အိမ်ခြေလည်းများ လူဦးရေလည်း များတော့ တချို့အလှူရှင်တွေက မတတ်နိင်ဘူး ဆိုပြီးတော့မှ ပြန်လှည့်ပြန်တာတွေလည်း ရှိတယ်။ တော်တော်များများက အ့လိုမျိုးတွေ ရှိဖူးတယ်ပေါ့နော်။ လူဦးရေ တအားများတော့ အခက်အခဲ တွေတော့ အများကြီး ကြုံတွေ့ရတယ်ပေါ့နော်။ ကျမတို့ ကော်မတီတွေကနေပြီးတော့ ဆန်ပုံမှန် မဖြန့်ဝေနိုင်တော့ သူတို့ကို တစ်ပတ်ကို ဗုဒ္ဓဟူးနေ့ တစ်ရက်အပတ်စဥ် ဗုဒ္ဓဟူးနေ့ မှာ သူတို့ ရိက္ခာ အခက်အခဲ ရှိတဲ့လူတွေကိုထုတ်ပေးတယ် “လို့ စစ်ရှောင် ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ပုံမှန်အလှူရှင်မရရှိတော့ဘဲ သုံးလတစ်ကြိမ်၊ ၅လတစ်ကြိမ် စသဖြင့်သာ ရရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အလှူရှင်အဖွဲ့အစည်းတွေကိုသာ မှီခိုနေရတဲ့ လက်လုပ်လက်စားစစ်ရှောင်တွေ ဝင်ငွေမရရှိတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာပိုင်းမှာ အခက်အခဲကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ နေ့မှာ အဆိုပါစစ်ရှောင်စခန်းရှိရာကို နည်းပညာထောက်ပံရေး အဖွဲ့မှ ဆန်၊ဆီ၊ဆား၊ ရိက္ခာခြောက်များကို သွားရောက်လှူဒါန်းခဲ့ပြီး ကျောင်းနေအရွယ်ကလေးတွေကိုလည်း အာဟာရမှုန့်အချို့ ဝေပေးခဲ့တယ်လို့ သိရပါတယ်။

လိုအပ်တဲ့ ရိက္ခာခြောက်တွေကို ပြည်တွင်း ပြည်ပ အလှူရှင်တွေနဲ့ပေါင်းပြီးတော့ တစ်ဖက်တစ်လှမ်းကနေ လာရောက်လှူဒါန်းပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိကတော့ သူတို့လိုအပ်ချက်တွေအရ ကျနောတို့ သွားလှူဖြစ်တယ်ပေါ့နော်။ စစ်ရှောင်မှာ လိုအပ်ချက်တွေကတော့ သူတို စာနပ်ရိက္ခာပိုင်းဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီတွေ ကြက်သွန်ဖြူတွေပေါ့။ အဓိကတော့ ကုန်ခြောက်တွေပေါ့။အ့ဒါလေးတွေကို ကိုယ်နိုင်တဲ့ တဖက်တစ်လမ်းကနေ ကူညီပေးတယ်။ပြည်ပ အလှူရှင် တွေနဲ့ ပြည်တွင်း အလှူရှင် တွေနဲ့ ကူညီနိုင်သလောက်ပေါ့နော် ကူညီပေးတယ်ပေါ့နော် “လို့ လာရောက်လှူဒါန်းပေးတဲ့ ကိုအုပ်ကြီးက ပြောပါတယ်။

စစ်ရှောင်စခန်း စားနပ်ရိက္ခာလိုအပ်ချက်အပြင် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိတာ၊ လမ်းခရီးအခက်အခဲတွေကြောင့် ဆေးရုံဆေးခန်းမပြသနိုင်တဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေမှာ
မွေးခင်းစ ကလေး သေဆုံးတာတွေလည်း ရှိခဲ့ဖူးတယ်လို့ သိရတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူ နှစ်သိန်းနီးပါးရှိပြီး လက်ရှိအချိန်ထိ စစ်ရှောင်စခန်းမှာ အလှူရှင်အထောက်အပံ့နဲ့ မှီခိုအားထားနေရသလို နေရပ်ပြန်နိုင်ခြင်းလည်းမရှိသေးပါဘူး။

spot_img
spot_img