မော်ဦးမြာ ရေးသားသည်။
(ပိုရှားလာတဲ့ရေ)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တစ်နှစ်ထက်တစ်နှစ် ရေပိုမိုရှားပါးလာတဲ့ ပြဿနာက ကြာလေပိုဆိုးလေပါပဲ။
ဒီးမောဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါဖုကျေးရွာအုပ်စုနဲ့ ဒေါတမကြီးကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတွေဟာ နှစ်စဉ်ရေရှားပါးပြဿနာနဲ့ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။
နှစ်စဉ် ရင်ဆိုင်နေပေမဲ့ စားသောက်ဖို့အတွက် ရေကိုချွေတာသုံးစွဲပြီး နေထိုင်လာကြတယ်။ ဒီတစ်နှစ်မှာ အရင်နှစ်တွေထက် ပိုပြီးရေရှားပါးလာတာက ပိုပြီး သိသာလာတယ်။
“ခါတိုင်းနှစ်ဆိုရင်လည်း ခန်းပါတယ်။ ဒါပေမဲ့ ရေကန်ပဲ ခန်းတယ်။ ရေတွင်းကတော့ မခန်းဘူးလေ။ ရေတွင်းက ရေထွက်သေးတယ်လေ။ ဒီနှစ်တော့ ရေကန်လည်း ခန်းတယ်။ ရေတွင်းလည်း ခန်းကုန်တယ်လေး။”လို့ ဒေါညေခူကျေးရွာသား ဦးရှားရယ်က ညီးတွားတယ်။
(အချိန်ပိုကုန်)
ဒေါဖုကျေးရွာနေသူ ဒေါ်ဝီမြာက “မနက်ဆိုရင် ရေခပ်ရဖို့ အစောကြီး သွားစောင့်ရတယ်။ ၄ နာရီ ၅ နာရီကတည်းက သွားစောင့်ရတယ်။”လို့ သူက ဆိုတယ်။
ဒေါညေခူကျေးရွာဟာဆိုရင် အိမ်ခြေ ၃၀ဝ အတွက် ရေအနည်းငယ်သာ ကျန်ရှိတော့တဲ့ ရေတွင်း ၆ တွင်းထဲကရေကို နေ့စဉ် ချွေတာစွာ သုံးစွဲနေရပါတယ်။
ယခုလို ရေတွင်း၊ရေကန် ရေခန်းခြောက်မှုဖြစ်တာ ဒီနှစ်နဲ့ဆိုရင် ၃ နှစ်ရှိသွားပြီဟု ဒေါညေခူကျေးရွာမှာ နေထိုင်သူ အသက် ၅ဝ နှစ်အရွယ် ဦးရှားရယ်က ပြောပါတယ်။
နွေရာသီဆိုရင် ရေခပ်ဖို့အတွက် အချိန်အများကြီး ပေးနေရတဲ့အတွက် တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့အတွက် အချိန်တွေ လေလွင့်စေတယ်။ ဒါ့အပြင် အိမ်မှုကိစ္စအတွက် အချိန်ပေးဖို့ ဟစ်လှစ်နေတယ်လို့ ကလေးငါးယောက်မိခင် ဒေါ်ပလျားမြာက ဆိုပါတယ်။
ဒေါ်ပလျားမြာက ” အခုဆိုရင် အရမ်းစိုးရိမ်ရတယ်။ အမေကလည်း အိုနေပြီ။ ဝက်၊နွားတွေ ရှိတော့ သူတို့လည်း ရေသောက်ချင်တယ်။ တစ်ခါတလေ နွားဆိုရင် အိမ်မှာပြန်လာသောက်တယ်။ အဲ့လိုမျိုးတွေရှိတော့ တကယ်လို့ ရေမရှိရင် ကျွန်မတို့လည်း သောက်စရာမရှိတော့ဘူး။ ဝက်တွေလည်း သောက်စရာမရှိတော့ဘူးလေ။ အမြဲတမ်း ရေအတွက် စိုးရိမ်နေရတယ်။”လို့ ဆိုတယ်။
(ကျန်းမာရေးပြဿနာကြုံ)
ရေကို လုံလုံလောက်လောက် မသုံးစွဲနိုင်တဲ့အတွက် ဒေသခံတွေရဲ့ တကိုယ်ရေသန့်ရှင်းမှု အပိုင်းမှာလည်း အားနည်းလာပါတယ်။ နွေရာသီရောက်ရင် အရေးပြားယားနာမှုတွေ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွားလာပြီး ကလေးအရွယ်တွေ အဖြစ်များတယ်လို့ ဒေါတမကြီး တိုက်နယ်ဆေးရုံမှ တာဝန်ကျဆရာမတွေက ပြောဆိုကြပါတယ်။
ဒေါညခူကျေးရွာမှ ဦးရှားရယ်က ” ဒီနှစ်က အများဆုံး တွေ့ရတာက ရေကြောင့် ကျောက်ကပ်ကို ထိခိုက်တာလည်း ရှိတယ်။ ကလေးတွေ ဝမ်းလျောဝမ်းပျက်ဖြစ်တာလည်းရှိတယ်။ အများဆုံးဖြစ်တာက ဝမ်းလျောဝမ်းပျက်ပေါ့။” လို့ ပြောပါတယ်။
အစိုးရက ကျေးရွာနဲ့ ၉ မိုင်ခန့်ဝေးတဲ့ ပွန်ချောင်းကနေ သွယ်လာပေးမယ်ဆိုရင် ရေကို လုံလုံလောက်လောက် သုံးစွဲနိုင်တယ်။ ကျန်းမာရေးအတွက်သာမက ကျေးရွာမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေအတွက်လည်း အဆင်ပြေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
(အဖြေရှာရာဝယ်)
ဒီရေရှားတဲ့ ပြဿနာကို ဒီနှစ်တွေမှာ တာဝန်ရှိသူတွေက ပိုသတိထားမိလာတယ်။ အဖြေရှာဖို့ နည်းလမ်းတွေလည်း ကြံဆလာပါတယ်။
ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်က ကျေးရွာတွေ ရေရှိရေးကို နိုင်ငံခြားကုမ္ပဏီနဲ့ ချိတ်ဆက်နေတယ်လို့ ကယားပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက မတ်လ ၂၆ ရက်နေ့မှာ ကျေးရွာဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံချိန် ပြောပါတယ်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို “ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ လုပ်ဖို့ရှိတယ်။ ပွန်ချောင်းကနေ မြစ်ရေတင်စနစ်လေ။ ဖရူဆိုလည်းပါတယ်။ ဒီးမော့ဆိုကလည်း ၁၉ ရွာလားမသိဘူး ခုနက ပြောတဲ့ ဒေါဖု၊ ဒေါပဲ အုပ်စုလည်းပါတယ်။ အကုန်ပါမယ်။ ဒီဟာလုပ်ဖို့ ဒေါတကလဲကနေ အမြင့်ဆုံးတင်ထားမယ်။ ဒေါတကလဲကနေ လွှတ်ချမယ်။ အဲ့လိုတော့ ကျွန်တော်တို့ စီမံကိန်းတစ်ခုရှိထားတယ်။”လို့ ပြောပါတယ်။
ရေရှားတဲ့ ကျေးရွာတွေမှာ NGOs အဖွဲ့အစည်းတွေကနေ ရေသွယ်တန်းပေးတာတွေရှိပေမဲ့ အဆင်မပြေတဲ့အတွက် ဒေသခံတွေက သက်ဆိုင်ရာအစိုးရက ရေလုံလောက်မှုရရှိရေးကို ဆောင်ရွက်ပေးဖို့ ဆန္ဒရှိနေကြတယ်။