spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ပိုးသတ်ဆေးခန်း တီထွင်ပြီး လှူဒါန်းသွားတဲ့ ကွန်ပြူတာတက္ကသိုလ်ကျောင်းသားနှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

နော်ဒွေးအယ်ခူ

လွိုင်ကော်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားနှစ်ဦးဖြစ်တဲ့ ပဉ္စမနှစ်ကျောင်းသား ကိုအောင်မြင့်မြတ် နဲ့ တတိယနှစ်ကျောင်းသား ကိုနိုင်အောင်ဖြိုးတို့ တီထွင်ထားတဲ့ Disinfection Chamber (ပိုးသတ်ခန်း)ကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို လှူဒါန်းခဲ့ပါတယ်။အဲဒီပိုးသတ်ခန်းက အလျား ၄ ပေ၊ အနံ ၇ ပေရှိပြီး ကုန်ကျငွေ (၆၀၈၀၀၀) ကျပ်ခန့် သုံးစွဲခဲ့ရသလို အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ ပြင်ဆင်ပြုလုပ်ခဲ့ရပါတယ်။

လွိုင်ကော်ဆေးရုံကြီးကို ပိုးသတ်ခန်းလှူဒါန်းရခြင်းရဲ့အကြောင်းရင်းနဲ့ ဘယ်လိုစိန်ခေါ်ချက်၊ အခက်အခဲတွေရှိလဲဆိုတာနဲ့ပတ်သက်လို့ ကျောင်းသားနှစ်ဦးစလုံးနှင့် တွေ့ဆုံမေးမြန်ထားတာတွေကို တင်ပြလိုက်ပါတယ်။

မေး။ ။ လွိုင်ကော်ဆေးရုံကြီးကို Disinfection Chamber (ပိုးသတ်ခန်း) လှူဒါန်းရခြင်းအကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ။ ။ ပိုးသတ်ခန်းလှူရခြင်းရဲ့အကြောင်းရင်းက မလှူခင်မှာ ဖေ့ဘွတ်မှာ အသိမိတ်ဆွေတွေနဲ့ Discussion(ဆွေးနွေးမှု) လုပ်တယ်။ ဒီဟာလုပ်ဖို့အတွက် တိုင်ပင်တယ် တိုင်ပင်ပြီးအလှူရှင်ရှာတာပေါ့ အလှူရှင်ရှာတဲ့အချိန်မှာ ဖေ့ဘွတ်မှာ ပိုစ့်တင်လိုက်တယ်ပေါ့နော အလှူရှင်ရှိမလားပေါ့ ရှိတယ် ထွက်လာတယ် လှူမယ့်သူလည်းရှိတယ် တတ်နိုင်သလောက်ကူညီကြမယ်ဆိုတော့ ကျတော်တို့အဲမှာစပြီး အလှူငွေစကောက်တယ် လိုအပ်တဲ့ပစ္စည်းကို မန္တလေးကို လှမ်းမှာတယ်။ ပစ္စည်းတွေရောက်တယ် မက်ဆင်ဂျာကနေ ဂရုစတင်ဖွဲ့လိုက်တယ်ပေါ့နော အဲမှာ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့လည်းတိုင်ပင်တယ် ဘယ်လိုလုပ်မလဲ ဆေးတွေကော ဘယ်လိုသုံးမလဲပေါ့။ အစတုန်း ကျတော်တို့လုပ်တုန်းက လူတွေကိုဖြန်းဖို့ပေါ့နော ပြင်ပလူနာတွေကိုဖြန်းဖို့အတွက် ကျတော်တို့လုပ်မယ်ပေါ့။ အဲဒါနဲ့ ဆရာဝန်တစ်ယောက်က အကြံပေးတယ် ပြည်ပလူနာတွေကို ဖြန်းဖို့က သိပ်မဆင်မပြေဘူးပေါ့နော ကလေးတွေဆိုရင် အလက်ဂျစ်ထနိုင်တယ်ပေါ့ အဆင်သိပ်မပြေဘူးပေါ့ အာမလည်းမခံရဲဘူး တစ်ခုခုဖြစ်သွားရင် နောက်ဆက်တွဲကလာအုံးမှာ။ အဲဒါနဲ့ သူတို့တော့ PPE သမားတွေအတွက် ပိုပြီးအဆင်ပြေမယ်တဲ့ အခုဆေးရုံမှာရှိတဲ့ PPE သမားတွေ စောင့်ကြည့်လူနာတွေအတွက်ပေါ့နော။ လူနာတွေနဲ့ထိတွေ့ပြီး ပြန်ထွက်လာကျရင် ပိုးသတ်ဆေးဖြန်းဖို့လိုအပ်တယ်ပေါ့နော။ အဲမှာ Chamber လုပ်ရင်ပိုသင့်တော်မယ်လို့ပြောတာပေါ့။

မေ။ ။ အဲဒီပိုးသတ်ခန်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ တီထွင်ရတဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံတော်အတွက်လည်းဖြစ်တယ် ဆေးရုံကြီးအတွက်လည်းဖြစ်တယ် တစ်ထောင့်တစ်နေရာကနေ ကူညီတယ်ပေါ့ ကိုယ်တတ်နိုင်တဲ့ပညာရပ်နဲ့ သိသလောက် တတ်သလောက်ကို ကူညီတဲ့အနေနဲ့ပါပဲ။

မေး။ ။ အဓိက ဘယ်သူတွေအတွက် ရည်ရွယ်တာလဲ။

ဖြေ။ ။ အဓိက စောင့်ကြည့်လူနာနဲ့ထိတွေ့ရတဲ့သူတွေအတွက်ပေါ့။ PPE ဝတ်စုံတွေဝတ်ပြီး စောင့်ကြည့်လူနာနဲ့ထိတွေ့ခဲ့တဲ့သူတွေအတွက် ရည်ရွယ်ပြီးလုပ်ထားတာပါ။

မေး။ ။ ပိုးသတ်ခန်းတစ်ခန်းဖြစ်ဖို့အတွက်က အချိန်ဘယ်လောက်ယူရလဲ။

ဖြေ။ ။ ဒါက ပထမအကြိမ်ဆိုတော့ တစ်ပတ်လောက်စောင့်ရတယ် တကယ်တမ်းလုပ်မယ်ဆိုရင်တော့ ၄ရက်လောက်နဲ့ပြီးတယ် ဘာလို့ဆို Body ပိုင်းကို ကျတော်တို့ညီအစ်ကိုလုပ်ရင် တစ်ရက်ပဲကြာမယ်။ ဒါက ဘယ်လိုလုပ်ရမလဲဆိုတာ ကျတော်တို့သိသွားပြီ။ ပထမအကြိမ်မှာက ပရိုဂရမ်ရေးရတယ် အဲဒါနဲ့ကြာသွားတယ်။ ဒုတိယအကြိမ်သာလုပ်ခွင့်ရမယ်ဆိုရင်တော့ မကြာတော့ဘူး အများဆုံး ၄ ရက်ကျော်ပဲ။

မေး။ ။ အဲလို တီထွင်ပြုလုပ်တဲ့အခါ ဘာတွေအခက်အခဲရှိလဲ။

ဖြေ။ ။ အဓိက အခက်အခဲကတော့ လိုအပ်တဲ့ပစ္စည်းသွားဝယ်ရတာပေါ့။ Farm တွေထည့်ဖို့သွားဝယ်တယ် ကိုယ်တိုင်ဖြတ်တယ် ကိုယ်တိုင်လုပ်တယ်။ ဆင်တာမှားသွားလို့ ဒုတိယအကြိမ်ပြန်ဆင်တာတောင်သိတယ်။ ဆက်လုပ်ဖို့အားပေးကြတယ်။ လုပ်တာအောင်မြင်ခါကျတော့ ဘယ်မှာလှူမယ်လို့ စဉ်းစားလိုက်တဲ့အခါ အများဆုံး Public Area မှာဖြစ်တဲ့အတွက်ကြောင့်မို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို သွားလှူဖို့ဆုံးဖြတ်လိုက်ကြတယ်။ လက်ရှိအခြေအနေနဲ့ဆိုရင် တော်တော်လေးအခက်အခဲရှိတယ် ကားဂိတ်တွေလည်းပိတ်တယ်။ လှမ်းမှာတာ ပစ္စည်းတွေတော့ရနိုင်တယ် မန္တလေးမှာအသိတွေလည်းရှိတယ် ပစ္စည်းရှိပေမယ့်လည်း လိုင်းကားတွေအကုန်ပိတ်တော့ အဆင်မပြေဘူး။ ပစ္စည်းတကယ်လိုအပ်တဲ့ချိန်ကျတော့ ကျတော်တို့ကယားပြည်နယ် Group ရှိတယ် ကျတော်က ပိုစ့်တင်လိုက်တယ် ဘယ်သူကူညီပေးနိုင်မလဲပေါ့နော။ အကိုတစ်ယောက်ကနေပြီး တကူးတကကို ကူညီပေးလိုက်တာ တကယ်ကျေးဇူးအများကြီးတင်တယ် ဘာလို့လဲဆိုတော့ သူကိုယ်တိုင် မန္တလေးထိဆင်းပြီး လိုအပ်တဲ့ပစ္စည်းကို သွားယူပေးတယ်ပေါ့။ မယူပေးရင် ကျတော်တို့တော်တော်လေးအချိန်ကြာသွားလိမ့်မယ် ကျတော်တို့လုပ်လိုက်တာ (၇)ရက်ကြာမယ် ပစ္စည်းစောင့်လိုက်တာ အကြားမှာ ၅ရက်လောက်ဟသွားသေးတယ်ပေါ့နော။ ပစ္စည်းရောက်တာနဲ့ ကျတော်တို့တန်းလုပ်တယ် Farm အပိုင်းတော့ အားလုံးရယ်ဒီလုပ်ထားပြီးပြီး။ လက်ရှိအချိန်မှာတော့ ငွေရေးကြေးရေးကမရှိဘူး ဝန်ထမ်းသားသမီးတွေဆိုတော့ ပိုဆိုးတယ် တခုခုဆိုရင် ကျတော်တို့လည်း အလှူခံရတယ်ပေါ့ အဲဒါက အဆင်မပြေဘူး။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့ အစိုးရအနေနဲ့ တစ်ဖက်တစ်လှမ်းကန ကူညီပေးမယ်ဆိုရင်တော့ ကျတော်တို့အတွက် အများကြီးအထောက်အကူပြုမယ် လုပ်လည်းလုပ်နိုင်တယ် အခြားအပိုင်းတွေပေါ့။

မေး။ ။ ခု လှူဒါန်းထားတဲ့ ပိုးသတ်ခန်း အသုံးပြုပုံအဆင့်ဆင့် ရှင်းပြပေးပါအုံး။

ဖြေ။ ။ အခုကျတော်တို့ လုပ်ခဲ့တဲ့ Disinfection Chamber က Sensor သုံးပြီး သူရဲ့ Step အနေနဲ့ သုံးခုထားပေးရတယ်။ ဘာလို့လဲဆိုတော့ အရင်ဆုံးမဝင်ခင်မှာ Sensor တစ်ခုကိုထိလိုက်မယ် လက်နဲ့ထိစရာမလိုဘူး လိုအပ်တဲ့အကွာအဝေးကနေ အချက်ပြလိုက်တာနဲ့ Sensor ကအလုပ်လုပ်သွားမယ် အဲဒါလုပ်ပြီးတားနဲ့ In Door ကပွင့်သွားလိမ့်မယ် အော်တိုပဲပွင့်မှာ အားလုံးက Automatic သုံးထားတာဆိုတော့။ လူဝင်သွားမယ် တကယ်လို့ လူမဝင်ဘူးဆိုရင် Door ပြန်ပိတ်ပြီးတာနဲ့ အထဲမှာလူမရှိဘူးဆိုရင် ဆေးမဖြန်းပေးဘူး အထဲမှာလည်း Sensor တစ်ခုရှိတယ်ဆိုတော့လေ။ တကယ်လို့ လူရှိမယ်ဆိုရင်တော့ ဆေးဖြန်းမယ်ပေါ့။ လူဝင်မယ် Sensor ပြမယ် တံခါးပိတ်သွားမယ် ဆေးဖြန်းပေးမယ်။ ပထမ စတိတ်မှာ လွိုင်ကော်ဆေးရုံကြီးအတွက်လုပ်တာကတော့ သူတို့က ရေရယ် ပိုးသတ်ဆေးရယ်ပဲသုံးမယ်တဲ့ အစကတော့ ကျတော်က ရေရယ် ဆပ်ပြာရယ်ပဲသုံးဖို့စီစဉ်ထားတာပေါ့ ဒါပေမယ့် ကြိုက်သလိုသုံးလို့ရပါတယ် ကျတော်တို့လုပ်ထားတဲ့ဟာက။ ပထမ အဆင့်မှာ ရေဖြန်းလိုက်မယ် PPE သမားတွေအတွက် ဒုတိယအဆင့်မှာတော့ ဆေးဖြန်းမယ် တတိအဆင့်မှာတော့ ရေပြန်ဖြန်းမယ်ပေါ့။ ပြီးလို့ရှိရင် Out Door က ပွင့်သွားပြီ။

မေး။ ။ Desinfetion Chamber(ပိုးသတ်ခန်း) မပြုလုပ်ခင်ကော အခြား ပစ္စည်းတွေ တီထွင်ပြုလုပ်တာရှိလား။

ဖြေ။ ။ ကျတော်တို့နှစ်ယောက်က အရင်ဆုံး Chamber မလုပ်ခင်ပေါ့။ Automatic System ကိုစလုပ်တယ်ပေါ့ စလုပ်ဖို့အကြံညဏ်လည်းရတယ်။ COVID-19 မြန်မာနိုင်ငံမှာစတွေ့ပြီး တစ်ပတ်လောက်ကတည်းကပေါ့ ကျတော်တို့လုပ်လိုက်တယ် လုပ်တော့ Automatic System (၇)လုံးလောက်ပြီးသွားတဲ့အချိန်မှာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမဟုတ်ဘဲနဲ့ နောင်ချို၊ ရန်ကုန် အဲနေရာတွေကို ပို့လိုက်တယ် ပို့တော့ Chamber ဆိုတဲ့ပိုစ့်တစ်ခုကိုသွားတွေ့တယ် အဲ့မှာ ဒါလေးကို စပြီးအကောင်အထည်ဖော်ရအောင်ဆိုပြီး ကိုအောင်မြတ်ကပြောတော့ ဆိုရှယ်မီဒီယာမှာရှိတဲ့မိတ်ဆွေတွေရယ် သိတတ်နားလည်တဲ့ပညာရှင်အားလုံးပေါင်းလိုက်တယ် မက်ဆင်ဂျာဂရုဖွဲ့လိုက်တယ်ပေါ့။ အဲ့မှာ တိုင်ပင်ကြတယ် ဆွေနွေးကြတယ် ဘာကိုဘယ်လိုလုပ်ကြမလဲဆိုတာပေါ့။ အဲဒါမလုပ်ခင် ရန်ကုန်မှာလည်း ကူညီခဲ့သေးတယ်။ Disinfection Chamber ကို ဝေဘာဂီမှာသွားလှူမယ့်ဟာလည်း ဘယ်လိုလုပ်ရင်ကောင်းမလဲ Auto System ကိုလည်း ဘယ်ထိသုံးမလဲဆိုတဲ့ဟာကိုလည်း ကူညီခဲ့တာရှိပါတယ်။

မေး။ ။ အကယ်၍ အဲလိုတီထွင်တဲ့အခါ လိုအပ်တဲ့ပစ္စည်း ကိရိယာတွေအပြည့်အစုံရှိခဲ့မယ်ဆိုရင် ဘယ်လောက်ထိ အထောက်အကူပြုမယ်လို့ထင်လဲ။

ဖြေ။ ။ လိုအပ်တဲ့ ပစ္စည်းတွေထောက်ပံ့ပေးမယ်ဆိုရင်တော့ ကျတော်တို့တော်တော်များများတော့ အဆင်ပြေတယ်ပေါ့နော။ ကျတော်တို့လက်ရှိ လူနှစ်ယောက်နဲ့လည်းလုပ်နိုင်တယ်။ တကယ်လို့ Disinfection Chamber မဟုတ်ဘဲနဲ့ နောက်တစ်ခုစလုပ်ဖို့လည်းရှိတယ် အဲဒါက Disinfection Robot ပေါ့။ တခြားပြည်နယ်မှာ ကျတော်တို့လိုလူငယ်တွေအများကြီးလုပ်နေကြတယ် ကျတော်တို့ကလည်း ကယားပြည်နယ်အနေနဲ့လုပ်ပေးချင်တယ် ကိုယ့်ပြည်နယ်အတွက်ပေါ့။ တခြားပြည်နယ်တွေအတွက်လည်း လုပ်ပေးချင်ပါတယ် တတ်နိုင်တဲ့ဖက်က။ တကယ်လို့ ကျတော်တို့ကို ပစ္စည်းသာထောက်ပံ့ပေးမယ်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။ ကျတော်ပြောသလိုပဲ တစ်ဖက်တစ်လှမ်းက ကူညီထောက်ပံ့ပေးနိုင်တဲ့သူရှိရင် ကျတော်တို့လုပ်ပေးနိုင်တယ် ဘာပဲပြောပြော လုပ်ပေးနိုင်တယ်။ အဓိကကတော့ ကျတော်တို့လည်း အဲဒီအခက်အခဲတွေရှိနေလို့သာ ငြိမ်နေရတယ်ပေါ့နော။

မေး။ ။ ပိုးသတ်ခန်းအပြင် အခြားကော ဘာတွေတီထွင်ထားတာရှိသေးလဲ။

ဖြေ။ ။ လက်ကိုခံလိုက်တာနဲ့ ကျလာတဲ့ Automatic Hand gel လုပ်တယ် Automatic Hand Washing လုပ်တယ်။ အဲဒါကတော့ သက်ဆိုင်ရာ ဆေးရုံတွေ ဌာနတွေကို လှူလိုက်တယ်ပေါ့။ တခြားဒေသကသူတွေ ကျတော်ဆီကို ပစ္စည်းလာအပ်တယ်ပေါ့ သူတို့ဖက်ကနေပဲ ပစ္စည်းတစ်ခါတည်းပို့ပေးတယ် ကျတော်တို့ဖက်နေပြီး ဒီဖက်ကနေ တတ်နိုင်သလောက်လုပ်ပေးတယ်ပေါ့။ အခုစ လုပ်ဖို့ကျတော့ Disinfection Chamber Robot တော့စလုပ်တော့မယ်ပေါ့ စလုပ်တော့မယ် ဆရာတွေနဲ့တိုင်ပင်နေပြီ ပစ္စည်းတွေလည်း လိုအပ်တဲ့ဟာတွေ အခုလုပ်တော့မှာ စာရင်းလုပ်နေပြီဆိုတော့ ဒုတိယတစ်ခုတော့လုပ်ဖို့ရှိတယ်။ တကယ်လို့ Disinfection Chamber လွိုင်ကော်ဆေးရုံကြီးကိုလှူတဲ့ အဲလိုမျိုးထပ်လုပ်ချင်တယ်ဆိုရင်လည်းလုပ်ပေးမယ်ပေါ့နော ကျတော်တို့။

မေး။ ။ အကိုတို့တီထွင်ပြုလုပ်ထားတဲ့ ပစ္စည်းတွေက ဘယ်လောက်ထိ အရေးပါလဲ အသုံးဝင်လဲ။

ဖြေ။ ။ တော်တော်လေးအရေးပါတယ်။ ဘာလို့ဆို တစ်ယောက်နဲ့တစ်ယောက်က တစ်ယောက်မှာပိုးပါခဲ့သည်ရှိသော် Automatic Hand gel တွေ Hand Washing တွေမသုံးခဲ့ဘူးဆိုရင် လက်ဆေးလည်းအလကားဖြစ်သွားမယ် ဘာလို့လဲဆို ရေ Bar ကို ဖွင့်ရတာ ပိတ်ရတာ နောက်ဆုံး လက်ဆေးတာ ဒီ Bar ကို ထိတွေ့နေရတာ လက်သာပြောင်သွားမယ် ပိုးလာမှုက ၈၀%လောက် သေချာနေလောက်တယ်။ အဲဒါကြောင့်မလို့ အတတ်နိုင်ဆုံး လက်နဲ့မထိတွေ့နိုင်အောင်လို့ လုပ်ထားတာပေါ့။

မေး။ ။ အကိုတို့နှစ်ယောက်ရဲ့ အနာဂတ်မျှော်မှန်းချက်တွေကိုပြောပြပေးပါ။

ဖြေ။ ။ ကျတော်တို့ကျောင်းပြီးသွားရင်တော့ ကျတော်တော့ အသိကုမ္ပဏီနဲ့ချိတ်ဆက်ဖို့ရှိတယ် ကျတော့်လိုင်းနဲ့ကျတော်ပေါ့ ဒီနည်းပညာလိုင်းပဲလိုက်တော့မှာ နည်းပညာပိုင်းလိုက်မယ်။ ကိုယ်တတ်ထားတဲ့ပညာနဲ့ Sharing လုပ်မယ် ကိုယ့်နယ်မှာရှိတဲ့သူတွေကိုလည်း လက်တွဲခေါ်ချင်တယ်ပေါ့နော ဒါကတော့ ကျတော်အိပ်မက် ရည်ရွယ်ချက်ပဲ။ (ကိုအောင်မြတ်)

ကျတော်ကျတော့ အခုမှ ကျောင်းတက်နေဆဲလူငယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Carrier Life ပေါ့ ကျတော်သယ်ဆောင်သွားချင်ပါတယ်။ ဒီနည်းပညာတစ်ခုထဲမဟုတ်ဘဲနဲ့ ပြင်ပပညာအကုန်လုံးပေါ့ အဲဒါတွေသယ်ဆောင်သွားမယ်။ ရှေ့ကလမ်းပြသွားတဲ့ စီနီယာအတိုင်း သူတို့ထက်ပိုတော်တဲ့ပိုကောင်းတဲ့သူဖြစ်စေရမယ်။ ပြီးတော့ ဘွဲ့ရသွားရင်လည်း ဒီနည်းပညာအလုပ်နဲ့ပဲ အကျိုးပြုတဲ့လုပ်ငန်းကို ဆက်လုပ်သွားမှာပါ။

မေး။ ။ ရှေ့ဆက်ကော အဲလို တီထွင်မှုပြုလုပ်ခဲ့မယ်ဆိုရင် စီနီယာတစ်ယောက်အနေနဲ့ ဘယ်လိုလက်တွဲခေါ်ဖို့ရှိလဲ။

ဖြေ။ ။ ကျတော်တို့လိုအပ်တဲ့ဟာဆိုရင် ကျောင်းက ဆရာတွေနဲ့တိုင်ပင်တယ် အကူညီတောင်းတယ် ဆရာတို့ဖက်ကနေလည်းတတ်နိုင်သလောက်ကူညီပေးတယ်။ ညီငယ် ညီမငယ်ကိုလည်းဆွဲခေါ်တယ် အကုန်လုံး။ လက်ရှိအခြေအနေ ကိုဗစ်ကြောင့်သာ ငြိမ်နေကြတာပေါ့။ တကယ်တမ်းခေါ်ရင် လာပေးပါတယ်။ (ကိုအောင်မြတ်)

ကျတော်တို့ ဂျူနီယာကလည်း ကိုယ်ကြံဆနိုင်တာတွေ စီနီယာလက်တွဲခေါ်တဲ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ COVID-19 ဖြစ်နေတဲ့အတွက်ကြောင့်မလို့ လူစုတာမကောင်းတဲ့အတွက်ကြောင့်မလို့ပါ။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာတွေများ ထပ်ပြီးဖြည့်စွက်ပြောပြချင်သေးလဲ။

ဖြေ။ ။ ကျတော်တု့ိအနေနဲ့ ကျောင်းသားလူငယ်ကနေပြီးတော့ ကျောင်းတက်နေဆဲလူငယ်တွေအနေနဲ့ လုပ်ပေးနိုင်တာအများကြီးရှိပါသေးတယ်။ ဒါပေမယ့် ကျတော်တို့မှာ အဖက်ဖက်က လိုအပ်မှုတွေရှိနေပါသေးတယ်။ နည်းပညာပစ္စည်းတွေဆိုရင် ကျတော်တို့ ရန်ကုန် နဲ့ မန္တလေးမြို့မှာပဲရနိုင်တာရှိတယ်ပေါ့။ အကယ်၍ ကျတော်တို့အနေနဲ့လုပ်နိုင်ခဲ့မယ် တခြားငွေရေးကြေးရေး အကူအညီရနိုင်ခဲ့မယ်ဆိုရင် အဲ့ပစ္စည်းကိုသွားယူဖို့ အခက်အခဲရှိတာမျိုးတွေ အဲလိုမျိုးဆိုတော့ ကျတော်တို့အနေနဲ့ ဌာနဆိုင်ရာတစ်ခုခုကနေပဲဖြစ်ဖြစ် ဒါမှမဟုတ် အစိုးရအနေနဲ့ပဲဖြစ်ဖြစ် ကျတော်တို့ကို တတ်နိုင်တဲ့ဖက်နေပြီးတော့ နောက်ဆုံး အသုံးဝင်တဲ့သူတစ်ယောက်အနေနဲ့ ကျတော်တို့ကို ကောင်းကောင်းအသုံးချပြီးတော့မှ ဒီ COVID-19 တိုက်ဖျက်ရေးကာလအတွင်းမှာ အကောင်းဆုံးပါဝင်ကူညီသွားချင်ပါတယ်။

မေး။ ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ကျေးဇူးတင်ပါတယ်။

spot_img
spot_img

Recent posts