KEAN
ရေမြေတောတောင်တွေဟာ ဌာနေတိုင်းရင်းသားတွေရဲ့ဘဝ၊ မျှော်လင့်ချက်နှင့် အနာဂတ်ဖြစ်ပါတယ်။ သို့ပေမယ်လို့ လက်ရှိ ဗဟိုထိန်းချုပ်မှုလွန်ကဲတဲ့ မြေယာဥပဒေတွေကြောင့် ၄င်းတို့ရဲ့ဖြစ်တည်မှုတွေအပေါ် နေ့စဉ်ခြိမ်းခြောက်မှုတွေ ရှိနေပြီဖြစ်ပါတယ်။
ဌာနေတိုင်းရင်းသားဒေသနဲ့ ကိုက်ညီအောင် ရေးဆွဲထားခြင်းမရှိတဲ့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွှတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ကြောင့် ဌာနေတိုင်းရင်းသားတွင် မြေယာပြဿနာများစွာဖြစ်ပေါ်စေခဲ့ပါတယ်။
ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာအုပ်စု ဒေါကူးခူကျေးရွာမှာ ပုံစံ(၇) ကြောင့် မောင်နှမအချင်းချင်းအကြား အငြင်းပွားမှုပြဿနာတွေ ရှိခဲ့လို့ မောင်နှမအချင်းချင်းကြား လူမှုဆက်ဆံရေး ပျက်ပြားခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။
အဲဒီမြေယာအငြင်းပွားမှု ပြဿနာကို ကိုယ်တိုင်ကြုံတွေ့ ဖြေရှင်းခဲ့ဖူးတဲ့ ဒေါကူးခူကျေးရွာ၊ ထီးပေါ်ဆိုကျေးရွာအုပ်စုမှ ရပ်ကျေးလယ်/စီအဖွဲ့ဝင် ဦးဖရေရယ်ကို Kayah Earthrights Action Network – KEAN အဖွဲ့ကနေ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြပါတယ်။
ရပ်ရွာထဲမှာ ပုံစံ(၇)ကြောင့်ဖြစ်ပေါ်လာတဲ့ မောင်နှမချင်း အငြင်းပွားမှုပြဿနာ တွေလည်းရှိလာခဲ့ပါတယ်။ မိသားစုအမွေဆက်ခံတဲ့ အကြောင်းနှင့်သက်ဆိုင်တဲ့ အပိုင်းဖြစ်ပါတယ်။
“ညီတူညီမျှ ဓလေ့ထုံးတမ်းအရ ခွဲဝေကြရကြမယ်ဆိုရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့်သူတို့က ပုံစံ(၇) ပေါက်ထားတဲ့သူပဲ ကျနော်တယောက်တည်းပိုင်ဆိုင်တယ်ဆိုတဲ့ ဥပဒေနဲ့သွားနေတော့ ပြဿနာစ ဖြစ်တော့တာပါပဲ။” လို့ ဦးဖရေရယ်က ရှင်းပြသွားပါတယ်။
၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေလပ် ဥပဒေကြောင့် ရရှိလာတဲ့ ပုံစံ(၇)ဟာ နှစ်ရှည်လကြာတည်ဆောက်လာခဲ့တဲ့ လူမှု့အသိုင်းအဝိုင်းတစ်ခုရဲ့ ရင်းနှီးမှု၊ ယုံကြည်မှုတွေကို ရိက်ချိုးပစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ရပ်ရွာထဲမှာ ရွာမိရွာဖတွေနဲ့ ညှိနှိုင်းမှုတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
ပုံစံ(၇) ကိုင်ထားတဲ့ ဘက်မှလည်း ဥပဒေနည်းလမ်းအတိုင်းသွားလိုကြောင်းဖြစ်လာပါတယ်။
တဘက်ကလည်း မောင်နှအမွေဆက်ခံတဲ့ မြေယာဖြစ်တဲ့အတွက် မဖြစ်သင့်ကြောင်း ညီတူညီမျှခွဲဝေရမယ်လို့ စတာတွေ ဖြစ်လာပါတယ်။
မိသားစုအကြား စိတ်ဝမ်းကွဲမှုတွေဖြစ်လာစေခဲ့ပြီးနောက်မှာတော့ လူမှုရေးပြဿနာဖြစ်လာစေခဲ့ပါတယ်။
“အဲဒီမောင်နှမတွေဟာ သူတို့ရဲ့ သာရေးနာရေးတွေကအစ မသွားကြတော့ဘူး။ မဆက်ဆံကြတော့ဘူး။ ဆက်ဆံရေးပါပျက်လာကြတယ်။” လို့ ဦးဖရေရယ်က သူသိသမျှ ပြောပြသွားပါတယ်။
နှစ်ဦးနှစ်ဖက်ပြန်လည်သင့်မြတ်နိုင်တဲ့ အဆင့်ထိ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်ဥပဒေအားဖြင့် မြေယာပြဿနာများဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါဘူး။
ပုံစံ(၇)ဖြင့်ဖြေရှင်းပါကမည်သို့မျှ မဖြေရှင်းပေးနိုင်ခဲ့ကြောင်း ၊ အကြောင်းရင်းမှာ ပုံစံ(၇)က တစ်ယောက်တည်းသာ ပေါက်ထားတဲ့အတွက် ကျန်တဲ့မောင်နှမလေးဦးမှာလည်း ခွဲဝေပေးဖို့ မဖြစ်နိုင်ကြောင်း စသည်ဖြင့် အငြင်းပွားခဲ့ကြတာဖြစ်ပါတယ်။
လယ်ယာမြေစီမံခန့်ခွဲ့မှုကော်မတီမှလည်း နည်းလမ်းအမျိုးမျိုးရှာပြီး နားလည်မှုရရှိဖို့ ကြိုးစားဖြေရှင်းခဲ့ ရပြီးနောက်မှာတော့ အပြန်အလှန် နားလည်မှုနဲ့ အဆင်ပြေသွားခဲ့ကြတယ်လို့သိရပါတယ်။
“နားချတယ်။ စည်းရုံးတယ်ပေါ့။ သူတို့လည်းအပြန်အလှန် လိုက်လျောသွားပေးခဲ့ကြပါတယ်။” လို့ ဦးဖရေရယ်က ဆက်လက်ရှင်းပြသွားပါတယ်။
တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုရှိတဲ့ အချင်းချင်းဝိုင်းဝန်းဖေးမကူညီကြတဲ့ လူမှုအသိုင်းအဝိုင်းသာ ဌာနေတိုင်းရင်းသားတွေက ဖြေရှင်းခဲ့ကြတာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ဆက်ဆံရေးကောင်းမွန်စေဖို့ တင့်မြတ်စေဖို့ အရင်ကလို သာရေး၊ နာရေးတွေ သွားလာဆက်ဆံနိုင်ဖို့ အစဉ်အလာ ပြန်လည်ဖြစ်စေချင်သည်လို့ ဦးဖရရယ်က သူ၏ စိတ်စေတနာအရင်းကို ဆန္ဒပြုပြောကြားသွားခဲ့ပါတယ်။
ဒါကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာဆိုင်ရာ ရိုးရာဓလေ့ကျင့်ထုံးတွေကို အစိုးရနှင့် အခြာ လူမှုအသိုင်းအဝိုင်းတွေက အသိအမှတ်ပြု ကာကွယ်ပေးဖို့လိုအပ်နေပါတယ်။
၂၀၁၂ လယ်ယာမြေဥပဒေထွက်ပြီးနောက် ဒေသခံတွေအထဲမှာ လယ်ယာမြေပြဿနာ ဖြေရှင်းဖို့ အခက်အခဲပိုရှိလာခဲ့ပါတယ်။
“လူမှုရေးအရကြည့်မယ်ဆိုရင် မထွက်ခင်မှာ ကျနော်တို့က ရွာထဲရပ်ထဲမှာ လွယ်လွယ်ကူကူဖြေရှင်းလို့ရတယ်။ ၂၀၁၂ လယ်ယာဥပဒေထွက်ပြီးနောက် လွယ်လွယ်ကူကူဖြေရှင်းလို့ သိပ်မရတော့ဘူး။”
မြေယာဥပဒေနဲ့ပတ်သက်လို့ ဦးဖရေရယ်က သူရဲ့ အတွေ့အကြုံအရ အခုလို သုံးသပ်ပြောဆိုသွားတာဖြစ်ပါတယ်။