ထျိုးမြာ/ကန္တာရဝတီတိုင်း(မ်)ရေးသားသည်။
မီဒီယာလွတ်လပ်ခွင့် ၊ လွတ်လပ်သောအသံ၊ ဒီဂျစ်တယ်အခွင့်အရေး ၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ သတင်းအချက်အလက်အခွင့်အရေးဆိုတဲ့ ဆောင်ပုဒ်များအပြင် ၆၆(ဃ)နဲ့ ဆိုင်တဲ့ ကာတွန်းပုံတွေကို လမ်းအဝင်အထွက်ဘေးမှာ ထောင်ထားတဲ့ နေရာတစ်ခု။ အတွင်းမှာ ညီလာခံတစ်ခု လုပ်နေပါတယ်။
ညီလာခံရဲ့အမည်က မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံပဲ ဖြစ်ပါတယ်။ ဒီညီလာခံကနေ မြန်မာမီဒီယာတွေရဲ့ အခက်အခဲနဲ့ အသံတွေ ကျယ်ကျယ်လှောင်လှောင် ထွက်ပေါ်ခဲ့ပါတယ်။
နိုင်ငံရဲ့ အခြေအနေအရ ပုံနှိပ်ဆက်လက်ထုတ်ဖို့အတွက် စက္ကုတွေ ဈေးတက်နေတဲ့အပြင် နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အင်တာနက်စာမျက်နှာမှာပဲ သတင်းထုတ်ကုန်တွေကို ဝင်ရောက်ဖတ်ရှုမှုတွေများပြားလာပြီးနောက်ပို်ငး စာစောင်တွေရဲ့ ရောင်းရအားဟာ လျော့နည်းလာခဲ့ပါတယ်။
အခြေအနေအရ ပုံနှိပ်မီဒီယာတွေဟာ ရေရှည်ဆက်လက်ရပ်တည်ဖို့ အခက်တွေ့နေပြီလို့ ကောက်ချက်ချသူတွေ ရှိလာပါပြီ။
ဒီညီလာခံရဲ့ ပထမဦးဆုံးအစီအစဉ်မှာ မီဒီယာဆိုင်ရာဗဟုဝါဒနဲ့ ရေရှည်တည်တံ့ရေးဆိုင်ရာ ကိစ္စရပ်ကို ထည့်သွင်းဆွေးနွေးခဲ့ပါသေးတယ်။
တနိုင်တပိုင်ရပ်တည်နေတဲ့ မြန်မာနဲ့ တိုင်းရင်းသားမီဒီယာတွေရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ဆိုရင် အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံတွေကို ကြည့်မယ်ဆိုရင် နိုင်ငံပိုင်မီဒီယာတွေကို လျော့ချတာကို တွေ့ရတယ်လို့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဆိုပါတယ်။
ဆက်လက်ရှင်သန်ဖို့ အားယူနေရတဲ့ မီဒီယာတွေကို အစိုးရက တဖက်တလမ်းက ပံ့ပိုးနိုင်ဖို့ အစိုးရပိုင်သတင်းစာစောင်တွေကို နှစ်စောင်ပေါင်း တစ်စောင်ပူးပေါင်းလျော့ချခြင်းဖြင့်လည်း ကူညီနိုင်တယ်လိို့ ဆိုပါတယ်။
“လျော့ချဖို့ပြောတာက ကြေးမုံနဲ့ မြန်မာ့အလင်းကို ရပ်ဖို့ပြောနေတာ မဟုတ်ဘူး ”လို့ ဦးကျော်မင်းဆွေက ဆွေးနွေးပါတယ်။
ဒီမိုကရေစီနိုင်ငံရေးစနစ် အကူးအပြောင်းမှာ တိုင်းရင်းသားမီဒီယာအပါအဝင် ပုဂ္ဂလိက မီဒီယာတွေကို အစိုးရက တစုံတရာပံ့ပိုးကူညီမှုတွေကို မျှော်လင့်ထားပေမယ့် ယခင်အစိုးရလက်ထက် ပံ့ပိုးမှုတွေ မရှိခဲ့တဲ့အပြင် NLDအစိုးရလက်ထက်မှာ ပိုဆိုးရွားသွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ပုံနှိပ်ထုတ်ဝေတဲ့ မီဒီယာတွေ ၂၀၁၂ မတိုင်ခင်မှာဆိုရင် ရောင်းအားကောင်းခဲ့ပေမယ့် အခုချိန်မှာဆိုရင် အွန်လိုင်း ၊ ဒစ်ဂျစ်ဒယ်ခေတ်ကောင်းလာတာနဲ့အမျှ တပိုင်တနိုင်ပုံနှိပ်မီဒီယာနဲ့ တိုင်းရင်းသားမီဒီယာတွေ ခေတ်ကုန်တော့မယ့်အခြေအနေကို မီးမှောင်းထိုးပြနေပါပြီ။ ထို့အတူ စီးပွားရေးသမားတွေဆိုရင်လည်း အသေးစား၊ အလတ်တန်းစားပုံနှိပ်မီဒီယာတွေမှာ ကြော်ငြာမထည့်ချင်ကြသလို့ မီဒီယာသေးသေးလေးတွေဟာ ဂျာနယ်တိုက်ကြီးတွေလို ကြော်ငြာခလဲ မရနိုင်ကြပါဘူး။
ခေတ်အခြေအနေကြောင့် ယခင်က တစ်ပတ်နှစ်ကြိမ်ထုတ်တဲ့ ဂျာနယ်တွေဆိုရင် နှစ်ပတ်တစ်ကြိမ်ထုတ်တာတွေဖြစ်ကုန်ပြီးတော့ တစ်လနှစ်ကြိမ်ကနေ တစ်လတစ်ကြိမ်ပဲထုတ်တော့တဲ့ ဂျာနယ်တွေဖြစ်ကုန်တာကို တွေ့ရတယ်လို့ တနသာင်္ရီဂျာနယ်နဲ့ Dawel Watch တည်ထောင်သူတစ်ဦးဖြစ်သူအပြင် MJI မှ သင်တန်းဆရာမ ဒေါ်အေးအေးဇင်က ဆွေးနွေးပါတယ်။
တိုင်းရင်းသားတွေရဲ့ အသံကို နည်းနည်းလေးထုတ်ဖော်ခွင့်ရပြီဆိုပေမယ့် တိုင်းရင်းသားမီဒီယာတွေရဲ့ အခြေအနေကို ပြောရမယ်ဆိုရင် “အနီရောင်အဆင့်ရောက်နေပြီလို့ ပြောလို့ရတယ်ပေါ့နော” လို့ ဒေါ်အေးအေးဇင်က ဆိုပါတယ်။
လက်ရှိမှာ ဂျာနယ်ထုတ်ဝေနေတဲ့ တိုင်းရင်းသားမီဒီယာတွေဟာ အနီရောင်အဆင့်ရောက်နေပြီဆိုပေမယ့် ဒစ်ဂျစ်ဒယ် channel ၅ ခု လာဖို့ပြင်နေပြီ ဖြစ်တဲ့အတွက် လောလောဆယ် မျှော်လင့်ချက်တွေလည်း ရှိနိုင်ပါသေးတယ်လို့ အင်တာနျူး(မြန်မာ)ရဲ့ ဌာနေကိုယ်စာလှယ် ကိုမိုင်ကယ်ပန် က ပြောပါတယ်။
“မျှော်လင့်ချက်အနေနဲ့ ပြောရမယ်ဆိုရင် ပိုင်ဆိုင်မှုမှာဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် တော်တော့်ကို ကျဉ်းကြပ်ခဲ့တဲ့အနေအထားကနေ channel ၅ ခုကတော့ အလင်းရောင်တန်းလာပြီပေါ့နော။ ဒါပေမယ့် ဘာကိုကြည့်ရမလဲ့ဆိုတော့ ၅ ခု တစ်ကယ်ပေါ်လာတဲ့အခါမှာ ပို်င်ဆိုင်မှုမှာကော တိုင်းရင်းသားမီဒီယာအသံတွေကအစပေါ့နော။ သူတို့တစ်ကယ်ပဲ ဒီ ၅ ခုနဲ့ အတူ လိုက်ပါနိုင်ပါ့မလားပေါ့။”လို့ မိုက်ကယ်ပန်က ဆိုပါတယ်။
လက်ရှိအစိုးရအပေါ်မှာ တိုင်းရင်းသားမီဒီယာ၊ ပုဂ္ဂလိက မီဒီယာတွေဟာ မျှော်လင့်သလောက်ဖြစ်မလာဘူးဆိုတဲ့အပေါ်မှာ“တိုင်းရင်းမီဒီယာတွေ ပိုဖွံ့ဖြိုးလာအောင် ပြန်ကြားရေးကို ထိရောက်တဲ့ အကြံတွေရှိပါသလား။ ကျနော်တို့ လွှတ်တော်ကကော ဘာလုပ်ပေးနိုင်မလဲ ဆိုတာတွေကို ပေးဖို့အကြံတွေရှိရင်လည်း သိချင်ပါတယ်”လို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က မေးခွန်းထုတ် အကြံပြုချက် တောင်းပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးမြန်းမှုအပေါ် ဦးကျော်မင်းဆွေးက ရှုံးနေပေမယ့် ကုန်သွယ်ခွန်ဆောင်နေရတဲ့ မီဒီယာတွေကို အမြတ်ခွန် ရှုံးခွန်ဆောင်ရအောင် ဆောင်ရွက်ပေးသင့်တယ်လို့ တုန့်ပြန်အကြံပေးပါတယ်။
“အစိုးရအနေနဲ့ အနိမ့်ဆုံးဖြစ်တဲ့ အခွန်ကိစ္စပေါ့ ပုဂ္ဂလိက မီဒီယာတွေ ရင်ဆိုင်နေရတဲ့ အခွန်ကိစ္စပေါ့နော။ အခုဆိုရင် ဈေးအများဆုံးပေးဝယ်နေရတာက စက္ကူပေါ့။ ဒါတွေဟာ လွှတ်တော်ကလဲ ကိုင်သွယ်လို့ရတဲ့ ကိစ္စလဲဖြစ်တယ် ”လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။
အစိုးရအနေနဲ့ ကူညီမယ်ဆိုရင် ငွေကြေးသတ်သတ်မဟုတ်ဘဲ ဥပဒေအရ ထ်ိန်းကြောင်းပေးခြင်း တည့်မတ်ပေးခြင်း စတဲ့ ကူညီနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်လို့ ကိုမိုင်ကယ်ပန်က ဆွေးနွေးပါတယ်။
“အထူးသဖြင့် ရုပ်သံ channel တွေ ကုမ္ပဏီတွေ ၅ ခုဝင်လာမယ်ဆိုရင် အဲ့ဒီမှာ သူတို့ရာခိုင်နှုန်းတွေ သတ်မှတ်ချက်တွေရှိပါတယ်။ ဘယ်လောက်ရာခိုင်နှုန်းက ပြည်တွင်းဖြစ်ရမယ်။ ဘယ်လောက်ရာခိုင်နှုန်းက ပြည်ပကနေ တင်သွင်းတာမျိုးတွေ ဖြစ်ရမယ်ဆိုတာမျိုးတွေ။ အဲ့ဒီမှာ တစ်ကယ်ကို တိတိကျကျနဲ့ ကြပ်ကြပ်မတ်မတ်ဖြစ်ဖို့ အများကြီးလိုအပ်ပါတယ်။ ကုမ္ပဏီပိုင်းတွေ ဖွဲ့စည်းပုံတွေအရ ဟာကွက်တွေ ပျော့ကွက်တွေ ရှိမယ်ဆိုရင် ဒီပြသနာဟာ ခုလောလောဆယ် ပွင့်လန်းလာမယ့်အနေအထားကနေ ဘာမှမထူးတဲ့ နေရာကို ပြန်ရောက်သွားနိုင်တဲ့အလားအလာရှိပါတယ်”လု့ိ ဆိုပါတယ်။
အားလုံးကောင်းအောင် ဝိုင်းလုပ်တဲ့နေရာမှာ အားလုံးရှင်သန်နိုင်တဲ့ မီဒီယာဝန်းကျင်တစ်ခုကို လိုချင်နေတယ်လို့ ယုံကြည်တဲ့အတွက် အားလုံးရှင်သန်နိုင်တဲ့ မီဒီယာဝန်းကျင်တစ်ခုကို ဆောင်ရွက်တဲ့အခါမှာ နိုင်ငံတကာစံချိ်န်ကိုလဲ ချိန်ထိုးသင့်သလို့ ပြည်တွင်းစံချိန်အနေနဲ့လည်း ကိုက်ညီတဲ့အခြေအနေကို ဆန်းစစ်ပြီးတော့ ရှင်သန်နိုင်တဲ့မီဒီယာကို ဖန်တီးနိုင်မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ ဒုတိယညွန်ကြားရေးမှုးချုပ် ဒေါက်တာဒေါ်သီတာတင်က ညီလာခံရဲ့ အပိတ်မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။
“ဒီလိုတည်ဆောက်တဲ့နေရာမှာ အရောင်အသွေးလည်းမရှိဘူး။ ဘက်လိုက်မှုလဲကင်းတယ်။ စာနယ်ဇင်းအတတ်ပညာတွေကော၊ ကျင့်ဝတ်ကော လေးစားလိုက်နာတဲ့ မီဒီယာဝန်းကျင်မှာ ရေရှည်စဉ်ဆက်မပြတ်ပေါ့နော။ အခုတည်ထောင်လိုက်တယ် နောက်တစ်နှစ်မရှိတော့တာမျိုးလည်း မဖြစ်ရလေအောင် အားလုံးသော မီဒီယာဝန်းကျင်မှာ ရှင်သန်နိုင်တဲ့ မီဒီယာဝန်းကျင်ကို ဆောင်ရွက်တဲ့နေရာမှာ ကျမတို့အားလုံး ကဏ္ဍအသီးသီးက ဆောင်ရွက်တဲ့နေရာမှာ ကျရာတာဝန်ကနေ တက်ညီလက်ညီနဲ့ ဆောင်ရွက်သွားဖို့ လိုပါတယ် ”လို့ သူက ပြောကြားခဲ့ပါတယ်။