spot_imgspot_imgspot_imgspot_img
Saturday, April 19, 2025
spot_imgspot_imgspot_imgspot_img

“ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတဲ့ အရေပြားရောဂါကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေ”

Author

Date

Category

မူဖိလစ်စတာ/ ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ နေရာဒေသအလိုက် အမြစ်မပြတ်ဘဲ သံသရာစက်ဝန်းသဖွယ် ဖြစ်လိုက်၊ ပျောက်လိုက် ဖြစ်ပွားနေတဲ့ အရေပြားရောဂါတွေကို ထိန်းချုပ်ဖို့ ခက်ခဲတယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကျန်းမာရေးဌာန ပြောပါတယ်။

နေရာဒေသအလိုက် ပြန့်ကျဲခိုလှုံနေထိုင်ကြရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဒီအရေပြားရောဂါတွေ အဖြစ်များနေပြီး ထိန်းချုပ်ဖို့ခက်ခဲတယ်လို့ IEC ကျန်းမာရေးဌာန- ဌာနမှူးကြီး ခွန်းဖိလစ်ကပြောပါတယ်။

“စစ်ရှောင်တွေစားရတဲ့ အာဟာရ၊ ပုန်းအောင်းနေရတဲ့ ပတ်ဝန်းကျင်၊ ရေနဲ့ သန့်ရှင်းရေး လိုအပ်မှုအ‌ခြေအနေတွေအရ အ‌ရေပြား သံသရာက ရုန်းထွက်ဖို့ခက်ပါတယ်။ ပညာပေး HE (health education)၊ ကုသဆေးပေးတာလောက်နဲ့ Eliminated မဖြစ်နိုင်လောက်ပါဘူး” လို့ ခွန်းဖိလစ်က ပြောပါတယ်။

အုပ်ချုပ်ရေးယန္တရား စတင်ယိုယွင်းလာပြီး နေရပ်တိမ်းရှောင်မှုတွေ စတင်လာရတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့၊ ရှားတော၊ ဖယ်ခုံ၊ လွိုင်ကော် စတဲ့ မြို့နယ်တွေမှာ စစ်ဘေးရှောင်လူထုတွေတင်မကဘဲ ဒေသခံကျေးရွာလူထုတွေဆီမှာပါ အရေပြားရောဂါ ဖြစ်ပွားနေတာပါ။

အရေပြားရောဂါဆိုတာ အရေပြားကို ထိခိုက်နိုင် ဒါမှမဟုတ် ပျက်စီးစေနိုင်တဲ့ အခြေအနေတွေကိုဆိုလိုပါတယ်။

အရေပြား‌ရောဂါအမျိုးမျိုးက ဖြစ်ပုံချင်းမတူသလို၊ ကုသပုံချင်း၊ ကာကွယ်ပုံချင်းလည်း မတူညီကြပါဘူး။ လက်ရှိကရင်နီပြည်တဝန်း အဖြစ်များတာကတော့ ရေကျောက်၊ ရေယို၊ ယားနာ၊ ပွေး၊ နှင်းခူ စတဲ့ အရေပြားရောဂါတွေဖြစ်ပါတယ်။

ယခင်အာဏာမသိမ်းခင်တုန်းကလည်း ဒီလို အရေပြားရောဂါတွေ ဖြစ်ပွားခဲ့ပေမဲ့ အရပ်သား အစိုးရကပေးတဲ့ ကျန်းမာရေးဝန်ဆောင်မှု၊ ဆေးရုံ၊ ဆေးပေးခန်းတွေကို လက်လှမ်းမီနိုင်မှုတွေကြောင့် ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ခဲ့တာပါ။

စစ်ရေးပဋိပက္ခကာလမှာတော့ အရေပြားရောဂါ ပျံ့နှံ့ ဖြစ်ပွားနေတာကို ထိန်းချုပ်ရခက်ပေမဲ့ ဆေးဝါးပေး‌ဝေမှုရှိတယ်လို့ IEC ကျန်းမာရေးဌာန- ဌာနမှူး ခွန်းဖိလစ်ကဆိုပါတယ်။

“ကရင်နီနယ်လှည့်ကျန်းမာရေးအဖွဲ့- CHDN ဆေးပေးခန်း ၊ ကရင်နီသူနာပြုအစည်းအရုံး -KNA ဆေးပေးခန်း ၊ Secondary Hospital တို့မှာ ဆေးဝါးပေးကုသမှုတွေရပါတယ်။” လို့ ခွန်းဖိလစ်က ပြောပါတယ်။

ဒါပေမဲ့လည်း အရေပြားရောဂါအတွက် ထိုး‌ဆေး၊ လိမ်းဆေး၊ သောက်ဆေးတွေကို အကန့်အသတ်နဲ့ပဲ ပေးဝေနိုင်ပါသေးတယ်။ လက်ရှိ ပဋိပက္ခအနေထားအရလည်း တောတောင်တွေထဲမှာ နေထိုင်ကြပြီး ဆေးကုသမှုကို လက်လှမ်းမမှီနိုင်‌တဲ့ စစ်ဘေးရှောင်စခန်းတွေလည်း ဒုနဲ့ဒေးရှိနေတာပါ။

စစ်ရှောင်စခန်းက ဆေးပေးခန်းငယ်တွေကို မှီခိုနေရတဲ့ စစ်ရှောင်လူထုတွေမှာတော့ အရေပြားယားနာရောဂါအတွက် မြန်မာလိမ်းဆေးတချို့ကိုသာ ရရှိနိုင်တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာနေထိုင်တဲ့ ဦးဂျိုဝါးနီက ပြောပါတယ်။

“လိမ်းဆေးပဲ ခပ်များများ သူများပေးတယ်ပေါ့နော။ ထိုးဆေးတို့ဆိုရင် မပေးလိုဘူး။ မြန်မာဆေးတို့လို လိမ်းဆေးပဲပေးတော့ ထိရောက်မှုသိပ်မရှိဘူးပေါ့” လို့ ဦးဂျိုဝါးနီ ကပြောပါတယ်။

အရေပြားရောဂါကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့ နေရောင်ခြည်နဲ့ထိတွေ့မှုများတာ၊ အစိုဓာတ်၊ ရေဓာတ်ခမ်းခြောက်တာ၊ နေထိုင်မှုစားသောက်ပုံစံ၊ ပတ်ဝန်းကျင်နဲ့ ထိတွေ့မိတဲ့ အရာတွေ၊ မိဘမျိုးရိုးတွေကြောင့်လည်း ဖြစ်တယ်လို့ ကျန်းမာရေးအသိပညာတွေကို ဖြန့်ဝေပေးနေတဲ့ Hello ဆရာဝန် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မသန့်ရှင်းတဲ့ရေ သုံးစွဲတာအပြင် ခြင်၊ ယင်၊ ဖြုတ် စတဲ့ အင်းဆက်ပိုးမွှားတွေ ပေါက်ဖွားလွယ်တဲ့ ဒေသတွေမှာ နေထိုင်ကြရတဲ့ ကရင်နီလူထုတွေက မတူညီတဲ့ အရေပြားရောဂါတွေကို ၄ နှစ်အတွင်း ဆိုးဆိုးဝါးဝါး ခံစားနေကြရတာပါ။

ကျန်းမာရေး အရေးပေါ်ကူညီဆောင်ရွက်ပေးနေတဲ့ ဝန်ထမ်းတဦးရဲ့ ပြောကြားချက်အရ စစ်ဘေးရှောင်တွေဟာ နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ သုံးစွဲရတဲ့ သောက်သုံးရေ၊ လက်လှမ်းမမီတဲ့ ကာကွယ်ဆေးထိုးနှံမှုတွေကြောင့် အခုလို အရေပြားရောဂါတွေ ထပ်ဖန်တလဲလဲ ပြန်လည်ဖြစ်ပွားနေတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

“စခန်းမှာ အရေပြားရောဂါ ဖြစ်ပြီဆိုလို့ရှိရင် အဲ့အိမ်ပဲ၊ တခါဖြစ်လည်း သူတို့ပဲ၊ နှစ်ခါဖြစ်လည်း သူတို့ပဲ ပြန်ပြန်ဖြစ်နေတတ်တယ်။ …ဒီနွေရာသီမှာဆိုလို့ရှိရင် အဲ့ အရေပြားရောဂါက ‌တော်တော်များများကိုတော့ စခန်းထဲမှာ ဖြစ်နေသေးတယ်” လို့ အရေးပေါ် ကျန်းမာရေး ကူညီဆောင်ရွက်ပေးနေသူ တဦးကပြောပါတယ်။

အလားတူဘဲ ရခိုင်ပြည်နယ်မှာလည်း အနီစက်၊ အဖုအပိတ်၊ ယားနာ စတဲ့အရေပြားရောဂါတွေကို ကလေးငယ်တွေမှာ ပိုမိုခံစားရပြီး၊ မြင့်တက်လာတဲ့ကူးစက်ပြန့်နှံ့မှုနှုန်းကို ထိန်းချုပ်ရခက်တဲ့ အနေအထားရောက်နေပြီလို့ ရခိုင်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အရေပြားရောဂါဟာ အပေါ်ယံအားဖြင့် အသက်အန္တရာယ်ကို မထိခိုက်စေနိုင်ပေမဲ့၊ အရေပြားရောဂါကို ထပ်ခါတလဲလဲ ခံစားလာရတဲ့ လူတယောက်မှာ ဖြစ်လာနိုင်တဲ့ ဝေဒနာတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက ပြောပါတယ်။

“ပိုး‌တွေများလာပြီး ခန္ဓာကိုယ်အထဲ၊ သွေးထဲအထိရောက်ခဲ့ရင် သွေးဆိပ်တက်နိုင်ပါတယ်။ သွေးဆိပ်တက်ရင် သေတတ်ပါတယ်။ နောက်ပြီးတော့ ပိုးကြောင့် ပိုးလေးဖက်နာ (Rheumatic Fever) ဖြစ်လာနိုင်ပါတယ်” လို့ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးကပြောပါတယ်။

အရေပြားရောဂါက ကုသလို့ရတဲ့ ရောဂါတမျိုးဖြစ်ပါတယ်။ မကုဘဲနေရင် ဒါမဟုတ် ကျွမ်းကျင်သူက ကုသပေးတာမဟုတ်ပါက ရောဂါသံသရာလည်နေမှာဖြစ်ပြီး ပိုကုရခက်လာမယ်လို့ သူကဆက်ပြောပါတယ်။

ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ် ပိုး၊ မှိုပိုး တို့ကြောင့်လည်း ဖြစ်လာနိုင်တာကြောင့် ရောဂါဇာစ်မြစ်ကို ကျွမ်းကျင်သူဆီမှာတိုင်ပင်ပြီး အရေပြားရောဂါကို ကုသနည်းအမျိုးမျိုးတို့နဲ့ ပျောက်ကင်းအောင်ကုသလို့ရနိုင်ပါတယ်။

spot_img
spot_img
spot_img

Recent posts