ကယားပြည်နယ်မှာ တိုက်ပွဲကြောင့် ပြည်တွင်းမှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့ ကွန်ယက် (KCSN ) ကထုတ်ပြန်ထားပါတယ်။
လက်ရှိပြည်တွင်းက စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ဘယ်လိုအခက်အခဲတွေရှိနေလဲ ဆိုတာနဲ့ ပတ်သက်ပြီး CHDN ( Civil Health and Development Network) ဒါရိုက်တာ ဆရာဖိလစ်နဲ့ ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ပြည်တွင်းက စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးကို ဘယ်အဖွဲ့အစည်းတွေကနေ ကူညီစောင့်ရှောက်ပေးနေလဲ။
ဖြေ။ လက်ရှိမှာတော့ ကျနောတို့ ကျန်းမာရေး လုပ်ငန်း ဆိုင်ရာတွေကို ကရင်နီပြည်တွင်းမှာဆိုရင် CHDNတွေလို ကျန်းမာရေး လုပ်ငန်း လုပ်ဆောင်နေတဲ့ အဖွဲ့တွေရှိသလို တချို့ကလည်း CHDNနဲ့ CDMလုပ်ထားတဲ့ ဆရာဝန်၊ ဆရာမတွေ ပူးပေါင်းပြီးတော့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာတွေရှိတယ်။ CDMဆရာမတွေ သတ်သတ်ပဲ သူတို့စုဖွဲ့ပြီးတော့ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ နေရာတွေ တချို့ရှိပါတယ်။ အမျိုးအစားအားဖြင့် သုံးအုပ်စုပေါ့နော။ CHDNတိုင်းရင်းသား EAOကျန်းမာရေး အဖွဲ့တွေက ပေးတဲ့ ဝန်ဆောင်မှုတွေရှိတယ်။ EAOနဲ့ CDMဆရာ၊ ဆရာမတွေပေါင်းတဲ့နေရာ တချို့ရှိမယ်။ တချို့ CDMဆရာ၊ ဆရာမတွေ သပ်သပ်ရှိတယ်။ ဒီသုံးဖွဲ့လောက်တော့ သူတို့ တတ်နိုင်သလောက် လက်လှမ်းမီသလောက်နေရာ တွေမှာ သူတို့ ကျန်းမာရေး ဝန်ဆောင်မှု တွေ ပေးနေတာရှိပါတယ်။
မေး။ ဆရာတို့ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ နေရာမှာ ဝန်ထမ်းအင်အားလုံလောက်မှုရှိလား။
ဖြေ။ ခုဏက ပြောသလို ဝန်ထမ်းက ဒီအချိန်မှာကလည်း လူတွေ ပြန့်ကျဲနေတာဆိုတော့ ဝန်ထမ်းက လုံလောက်သလားဆိုလို့ရှိရင် ကျနောတို့ မလုံလောက်ဘူးလို့ ပြောရမယ်။ အရင်က ဆိုလို့ရှိရင် ကျနောတို့ တွက်ထားတာ လူဦးရေနှစ်ထောင်ဝန်းကျင်မှာ ဆေးမှူးဘယ်နှယောက်၊ ဆရာဝန်ဘယ်နှယောက်ဆိုတဲ့အထား အခုချိန်မှာ အဲ့လို လုပ်လို့မရတော့ဘူး။ လူတွေက ပြန့်ကျဲတဲ့အခါကျတော့ အင်အားအရတော့ မလုံလောက်ဘူးပေါ့နော။ နောက်ပြီး ဒီနောက်ပိုင်းမှာ ဖြစ်လာတဲ့ ကိုဗစ်ကြောင့် ဝန်ထမ်းတွေက ဆယ်ယောက်ရှိတယ်။ လူနာက ဆေးခန်းလာတုန်းက ရိုးရိုးလက္ခာဏာနဲ့ပဲ ကိုဗစ် ဖောက်လို့ ကိုဗစ် Test Kit နဲ့ စစ်ဆေးလိုက်လို့ positiveပေါ်သွားတယ်ဆိုရင် contact person ( ဆက်သွယ့်ရမယ့်သူ) အနေနဲ့ ဒီ ဆရာ၊ ဆရာမတွေ သူတို့ ကွာရာတင်းတွေ ပြန်ဝင်ရတယ်။ သူတို့ကိုယ်တိုင်က ကုသမှုပြန်ယူရတဲ့ အနေအထားမျိုး ဖြစ်ခါကျတော့ ဆရာ၊ ဆရာမတွေ အားနည်းတော့ ဆရာ၊ ဆရာမတွေ ပိုပြီးတော့ ခက်ခဲလာတယ်။ ဝန်ထမ်းလုံလောက်မှုမှာ ပိုပြီးတော့ အခက်အခဲ ဖြစ်လာတယ်။ အန္တာရယ်တွေ ပိုကြီးတယ်ပေါ့နော။ အလုပ်လုပ်နေရတဲ့ ဆရာ၊ ဆရာမတွေအတွက်။
မေး။ ဆေးဝါးတွေကော လုံလောက်မှုရှိလား။
ဖြေ။ ဆေးဝါးတွေတော့ ရှိပါတယ်။ အထွေထွေသုံးဖို့ ဆေးဝါးတွေတော့ရှိတယ်။ အချို့ ကိုဗစ်အတွက်လိုအပ်တဲ့ အရေးပေါ်ဆေးဝါး တွေ ပစ္စည်းတွေကျတော့ အခက်အခဲနည်းနည်းရှိတယ်။ ဘာလို့ လဲဆိုလို့ရှိရင် ကျနောတို့ အခု ဝယ်လို့ရတယ်။ ဝယ်နိုင်ရင်တောင်မှ သယ်ယူပို့ဆောင်ရေး လုပ်ဖို့က အခက်အခဲရှိတယ်။ တခါတလေကျတော့ စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရရင် မြို့နယ် တစ်မြို့နယ်ကနေ တစ်မြို့နယ်သွားလာလို့မရတဲ့ အခါမျိုးမှာ ကျနောတို့ EAOတွေရဲ့ အောက်မှာရှိတဲ့ facility ( အထောက်အကူပြု ပစ္စည်း) တွေ training ( လေ့ကျင့်ရေး)တွေ အားလုံးကို ပို့ဖို့ခက်ခဲတဲ့ဟာတွေရှိနေပါတယ်။ အဓိကကတော့ ကိုဗစ်ကုသတဲ့ အထောက်အကူပြု ပစ္စည်းတွေ ဆေးဝါးတွေကတော့ အခက်အခဲရှိနေတုန်းပဲပေါ့နော။
မေး။ ဆရာတို့အတွက် အဓိက စိန်ခေါ်မှုက ဘာဖြစ်မှာလဲ။
ဖြေ။ ကျနောတို့ အဓိကကတော့ ပြောရမယ်ဆိုရင်တော့ လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးက အဓိက Challenge စိန်ခေါ်မှုဖြစ်နေတယ်ပေါ့နော။
မေး။ လက်ရှိမှာ ကိုဗစ်လည်း ဖြစ်နေတာဆိုတော့ စစ်ဘေးရှောင်တွေအတွက် ဘယ်လို အခက်အခဲတွေရှိနေလဲ။
ဖြေ။ ကျနောတို့ဖက်က တတ်နိုင်တဲ့အပိုင်းကနေရော EAOတွေအပိုင်းကနေရော ဥပမာ ပိုစတာ တွေ ဝေတာမျိုး ပညာပေးတာမျိုးပေါ့။ ဒါကလည်း အစုအဖွဲ့နဲ ပညာပေးလို့မရတဲ့ အခါကျတော့ အကောင်းဆုံးကတော့ လက်ကမ်းစာစောင်တွေဝေတာမျိုး ကျနောတို့လုပ်ဆောင်နေတယ်။ ပြီးတော့ ပိုစတာတွေ စိုက်ထူတာတို့တော့ လုပ်ထားတယ်။ သူတို့ကိုယ်တိုင်ကာကွယ်ဖို့ ဆိုတာကတော့ ကျနောတို့ အဲ့တာကြီးက ပြောရအရမ်းခက်တယ်။ ဘယ်မှ မသွားနဲ့လို့ ပြောလိုက်ရင်လည်း ဘယ်သူ ကျွေးမှာလဲပေါ့ ဆိုတဲ့ မေးခွန်းကရှိတယ်။ သွားလာရင်လည်း ဒီရောဂါပိုးက မျက်စိကမြင်နိုင်တာ မဟုတ်တဲ့ အခါကျတော့ ဘယ်နားမှာမရှိလို့ ဘယ်နားမှာရှိလဲမသိ တခါတလေ ခါကျတော့ စျေးဝယ်ပြန်လာတာကနေ ပါလာနိုင်လားဆိုတာလည်း ဖြစ်နိုင်ချေရှိတော့ ပြောရခက်ပါတယ်။ သူတို့က ကာကွယ်ဖို့ အကောင်းဆုံးက ကိုယ့်အိမ်မှာ နေမယ်။ ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့ အချက်တွေ လိုက်နာမယ်။ ခပ်ခွာခွာနေမယ် လက်ဆေးမယ်။ maskတပ်မယ်။ အပြင်မထွက်ဘူး။ လူစုလူဝေးရှောင်စသည်ဖြင့် ပညာပေးတွေ အများကြီးတော့ ကျနောတို့ လုပ်ထားပြီးသား Frist waveကတည်းကပေါ့နော။ လူထုက ပြန်ကြည့်မယ်ဆိုရင်လည်း စားဝတ်နေရေးက အခက်အခဲဖြစ်တဲ့ အခါကျတော့ တတ်နိုင်ဆုံးတော့ ပိုက်ဆံ မကုန်ဘဲနဲ့ ဒီရောဂါကို ကာကွယ်လို့ရတဲ့နည်းလမ်းကို လိုက်လုပ်ဖို့ လိုတယ်လို့ ကျနော့အနေနဲ့ အဲ့လို မြင်တယ်။
မေး။ ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောပြချင်သေးလဲ။
ဖြေ။ ကျနော့အနေနဲ့ ပြောချင်တာကတော့ ဒီအချိန်မှာ ကျနောတို့လည်း ရပ်မနေပါဘူး။ လုပ်နေကြတာပဲပေါ့နော။ လူထုတွေ ကိုဗစ် ကာကွယ်ဆေးရဖို့နဲ့ covid positive ဖြစ်တဲ့လူတွေ ကုသမှုအပိုင်းနဲ့ အသက်ဆုံးရှုံးမှု မဖြစ်ဖို့အတွက် ကျနောတို့ တတ်နိုင်သလောက် ကျနောတို့ လုပ်ဆောင်နေတယ်။ အခက်အခဲနဲ့ အတားအဆီးတွေက အများကြီးရှိတဲ့အတွက် ကြောင့်မလို့ လူထုတွေလည်း ကိုယ့်ကိုယ်ကိုယ် ကျန်းမာဘေးကင်းအောင် နေထိုင်ကြဖို့ အားမငယ်ဖို့ စိတ်ဓါတ်မကျကြဖို့ အတတ်နိုင်ဆုံးဘယ်လို ရင်ဆိုင်မယ် ဆိုတဲ့ဟာတွေပြင်ဆင်ထားကြဖို့၊ ဖြစ်လာနိုင်ခြေရှိတာတွေ ပြင်ဆင်ထားကြဖို့ နဲ့ အထူးသဖြင့် ကိုဗစ်နဲ့ ဆိုင်တဲ့ ကျန်းမာရေးဌာန ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့် ကာကွယ်မှုအဆင့်တွေကို သေချာစနစ်တကျလိုက်နာကြဖို့ပဲ လူထုအားလုံးကိုမှာကြားချင်ပါတယ်။