ဘိုထီး (ငွေတောင်ပြည်)ရေးသားသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးတဲ့နိုင်ငံမှာဆိုရင် နိုင်ငံတော်ရဲ့ အာဏာဟာ ဗဟိုအစိုးရမှာ မရှိပါဘူး။ နိုင်ငံရဲ့အာဏာဟာ ပြည်နယ်အစိုးရမှာပဲ ရှိတာ ဖြစ်ပါတယ်။
ပြည်နယ် ဒေသတစ်ခုနှင့် တစ်ခု တစ်စုတစည်းတည်းဖြစ်အောင် မလုပ်ဆောင်နိုင်တဲ့ နိုင်ငံတွေမှာသာ နိုင်ငံတော်ရဲ့ အာဏာဟာ ဗဟိုအစိုးရမှပဲ ရှိတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ တိုင်းနှင့် ပြည်နယ် (၁၄)ခုနှင့် ဖွဲ့စည်းထားပေမဲ့ ဒီနေ့ထိ ပြည်နယ်တစ်ခုနှင့် တစ်စုတစည်းတည်းဖြစ်အောင် မလုပ်ဆောင်နိုင်သေးသမျှကာလပတ်လုံး နိုင်ငံတော်ရဲ့ အာဏာဟာ ဗဟိုအစိုးရမှာပဲ ဆက်လက်ရှိနေအုံးမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံနာမည်ရဲ့ အတိုကောက်ကတော့ ယူအက်စ်အေ-USA ဖြစ်ပြီး အရှည်ကောက်ကတော့ (United state of America) ဖြစ်ပါတယ်။ ဆိုလိုရင်း အဓိပ္ပာယ်ကတော့ ပြည်နယ်ဒေသ တစ်ခုနှင့် တစ်ခု စည်းလုံးညီညွှတ်ရာကနေ ဖြစ်ပေါ်လာတဲ့ အမေရိကန်နိုင်ငံလို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုဆိုတာ ပြည်နယ်တစ်ခုနဲ့ တစ်ခု စုစည်းတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ၁၉၄ရ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ပင်လုံမှာ ချုပ်ဆိုတဲ့ ပင်လုံစာချုပ်ဟာ လွတ်လပ်ရေး ရရှိဖို့ကိုပဲ အဓိက ရည်ရွယ်တဲ့ စာချုပ်ဖြစ်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်တဲ့အထိ မျှော်မှန်းခဲ့ပေမဲ့ စာချုပ်ချုပ်ဆိုတဲ့နေ့မှာပဲ တိုင်းရင်းသား အားလုံး ပါဝင်နိုင်ခဲ့ခြင်း မရှိတာကြောင့် မြင်သာမြင် မကြင်ရဆိုတဲ့စကားအတိုင်း ဒီနေ့ဒီအချိန်ထိ လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေကို ခံစားသင့်သလောက် မခံစားလိုက်ရခြင်း ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး (NCA) သဘောတူစာချုပ်ကို အကောက်အထည်ဖော်ဖို့ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ခြင်းကို အထောက်အကူဖြစ်စေတဲ့ စာချုပ် ဖြစ်ဖို့လိုအပ်ပါတယ်။ ဆိုလိုတာက စာချုပ်မှာပါတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်ဖို့ အရေးကြီးတယ်လို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ ထိုနည်းတူ ၂၁ ရာစု ပင်လုံညီလာခံဟာ ငြိမ်းချမ်းရေးရရှိဖို့အတွက် အမှန်တကယ် အထောက်အကူပြုတဲ့ ညီလာခံတစ်ခုဖြစ်ဖို့ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ ညီလာခံတစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်။
ဆိုလိုချင်တာက ညီလာခံကို တက်ရောက်လာကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ ပြည်နယ်ဒေသ တစ်ခုတည်းအတွင်းမှာ အတူယှဉ်တွဲနေထိုင်ပါလျက်နဲ့ ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသား အားလုံးအကျိုးထက် ကိုယ့်လူမျိုးစု အကျိုး၊ ကိုယ့်အဖွဲ့အစည်း အကျိုးကိုသာ အထောက်အကူ မပြုနိုင်ပါဘူး။
အိမ်တစ်လုံးမှာ အိမ်ငယ်ကလေးတွေကို သီးသန့်တည်ဆောက်ချင်တဲ့ စိတ်ဓာတ်ဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တစ်ခု တည်ဆောက်ဖို့ဆိုရင် ကောင်းမွန်တဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ရှိရုံနဲ့ မလုံလောက်ပါဘူး။ ဒေသခံ တိုင်းရင်းသား အားလုံးရဲ့ စည်းလုံးညီညွှတ်တဲ့ စွမ်းအားတစ်ခုတည်းကသာ စစ်မှန်ပြီး ကောင်းမွန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကျော်လွန်တဲ့ ဒီမိုကရေစီခရီးလမ်းဟာ အဖုအထစ်တွေ၊ ဆူးငြှောင့်ခလုတ်တွေ ဆက်လက်ရှိနေအုံးမှာပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ခုကို အမှန်တကယ် တည်ဆောက်ချင်တယ်ဆိုရင် ဒေသခံပြည်သူနှင့် အစိုးရကြား အပြန်အလှန် မေးခွန်းတစ်ခု မေးမြန်းကြဖို့ လိုလိမ့်မယ်လို့ အကြံပြုချင်ပါတယ်။ အဲမေးခွန်းကတော့ “ဖက်ဒရက်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲ” ဆိုတဲ့ မေးခွန်းသာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်။