spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

ဖမ်းဆီးခံရတဲ့ မိုးဗြဲတောင်သူအရေးတက်ကြွလှုပ်ရှားသူ ခွန်းအောင်မျိုးခန့် သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

တစ်လေးလုံးစစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဖမ်းဆီးခံရတဲ့ မိုးဗြဲတောင်သူအရေးတက်ကြွလှုပ်ရှားသူ ခွန်းအောင်မျိုးခန့် သေဆုံးသွားပြီလို့ ဆွေမျိုးဖြစ်သူထံကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တိမ်းရှောင်ဖို့ မိသားစုတွေနဲ့အတူထွက်လာတဲ့ ခွန်းအောင်မျိုးခန့်ကို မိုးဗြဲမြို့ပြင်မှာ ဂိတ်ထိုင်တဲ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်လက်အောက်ခံ ကယန်းအမျိုးသားကာကွယ်ရေးတပ် KNG ပြည်သူ့စစ်က မေးမြန်းလိုတယ်လို့ ပြောဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆွေမျိုးဖြစ်သူက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“ကျမက နီးစပ်သူကိုဖုန်းလှမ်းဆက်ကြည့်တာ မရှိတော့ဘူး သေသွားပြီလို့ပဲပြောတယ်။ ယုံတော့မယုံဘူး ဒါပေမဲ့ လူကိုမတွေ့တော့လည်း ယုံရမလိုဖြစ်နေတယ်။ အရင်နှစ် ၃ လပိုင်းလောက်သေသွားတယ်လို့ပြောတယ်”လို့ သူက ပြောပါတယ်။

ခွန်းအောင်မျိုးခန့် စတင်ဖမ်းဆီးခံရတဲ့ နေ့ကနေ ၂၅ ရက်နေ့အထိ တယ်လီဖုန်းနဲ့ အဆက်သွယ်ရခဲ့တယ်လို့ ဆွေမျိုးဖြစ်သူက ပြောပါတယ်။ ခွန်းအောင်မျိုးခန့်နဲ့ အဆက်သွယ်ရစဥ်က KNG တပ်က သူ့ကို ခြောက်ပေါက်ထဲထည့်ထားခဲ့ပြီး အဲ့ဒီနောက်မှာတော့ သံခြေကွင်းနဲ့နေရတယ်လို့ ပြောပြခဲ့ကြောင်း ဆွေမျိုးဖြစ်သူက ဆက်ပြောပါတယ်။

“မေးစရာရှိတယ်ပြောပြီး မမေးဘူးတဲ့။ ဘာမှမပြောဘဲ ဒီတိုင်းပဲ ခေါ်ထားတာတဲ့။ မေးစရာမရှိရင်လည်း ပေးပြန်ပြောတော့ သူတို့က အဲ့ချိန်လမ်းတွေ ပိတ်ထားတော့ ပေးပြန်မယ်ဆိုရင် လူကြုံမရှိဘူးတဲ့ အဲလိုအကြောင်းပြချက်နဲ့မပေးပြန်ဘူးတဲ့ အဲ့လိုပြောတယ်။” လို့ သူက ဆိုပါတယ်။

၁၉၉၂ ခုနှစ်ဝန်းကျင်က မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကနေ တပ်ပိုင်မြေအဖြစ်သိမ်းယူခဲ့တဲ့ မိုးဗြဲမြို့တွင်းရှိ လယ်ယာမြေဧက ၇၀၀ ကျော်ကို ဖြေရှင်းဖို့အတွက် လူထုက ၂၀၁၄ ခုနှစ်မှာ ဆန္ဒပြတောင်းဆိုရာ ခွန်းအောင်မျိုးခန့်က ဦးဆောင်ခဲ့တာပါ။

ခွန်းအောင်မျိုးခန့်ရဲ့ သေဆုံးမှုအတွက် မကျေနပ်ကြောင်းနဲ့ ဝမ်းနည်းကြေကွဲရကြောင်းလည်း ဆွေမျိုးဖြစ်သူက ဆိုပါတယ်။

“ဥပဒေအရ အရေးယူချင်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ သူတို့အတွက် ဥပဒေမှမရှိတာ” လို့ သူက ပြောပါတယ်။

ခမရ ၄၂၂ တပ်က သိမ်းယူခဲ့တဲ့ မြေဧက ၇၀၀ ကျော်ကို အစိုးရဌာနဆိုင်ရာတွေနဲ့ ဒေသပြည်သူ့စစ်တွေကို ခွဲဝေပေးခဲ့ပြီး လက်ရှိအချိန်ထိ ဒေသခံတွေထံ ပြန်လည်ပေးအပ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts