spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းဝန်းထဲ လက်နက်ကြီးကျတဲ့အတွက် ညီအစ်ကို ၂ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုထဲ ကျေးရွာတစ်ခုရဲ့ ဘုန်းကြီးကျောင်းဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ညီအစ်ကို ၂ဦး သေဆုံးခဲ့တယ်လို့ KNDFတပ်ရင်း (၁၁)က မတ်လ ၁ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ည၇နာရီ ၂၀မိနစ် အချိန် လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းမှာ စာကျက်နေတဲ့ ဆယ်တန်းကျောင်းသား အသက်(၁၉)နှစ် နဲ့ ညီဖြစ်သူ အသက်(၁၅)နှစ် တို့ ထိမှန်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည၈နာရီအချိန်မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်
ခေါင်းအိကျေးရွာအုပ်စုအတွင်း ကျေးရွာတစ်ရွာမှာ လက်နက်ကြီး (၃) လုံး ကျရောက်ခဲ့ပါတယ်။ လက်နက်ကြီး ကျရောက်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းထဲ ရှိနေတဲ့ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦး ဗိုက်ပွင့်တဲ့ စိုးရိမ်ဒဏ်ရာရရှိခဲ့ပြီး (၈) နှစ် အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တစ်ရက်တည်းမှာပဲ လက်နက်ကြီးကြောင့် ဖယ်ခုံအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာထဲ လက်နက်ကြီးများ ကျရောက်ပြီး လူ ( ၂) ဦးထိခိုက်ဒဏ်ရာရတာလည်း ရှိခဲ့ပါတယ်။

ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားတဲ့ ပြည်သူလူထုကျေးရွာထဲ လက်နက်ကြီး ကျရောက်မှုကြောင့် ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ နှစ်ရက်အတွင်း ၂ဦးသေဆုံးပြီး ၈နှစ်အရွယ်ကလေးငယ်အပါအဝင် ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်ထိခိုက်တာတွေ ဘုန်းကြီးကျောင်း ဓမ္မာရုံ၊ ဇရပ်၊ ဘုရားဆင်းတုတွေ၊ မီးစက် စတဲ့ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ် ဒေသတွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ တစ်လအတွင်း ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမှီတဲ့ အချက်အလက်အရ ပြည်သူ ၅ဦးသေဆုံးပြီး ၂နှစ်ခွဲကလေးငယ်အပါအဝင် ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

 

spot_img
spot_img