spot_imgspot_imgspot_imgspot_img
Wednesday, December 4, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်၊ ဒေသခံထိခိုက်သေဆုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့၊ မနက် ၃ နာရီအချိန်မှာ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အနောက်ခြမ်းရှိ ဆိုင်ခွန်ကျေးရွာအနီးအနားကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သိရသလောက်တော့ တစ်ဦးသေ၊ တစ်ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ပြောတယ်။” လို့ ဖယ်ခုံမြို့ရှိ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၁၄နှစ်ဝန်းကျင်အရွယ် အမျိုးသားဖြစ်တယ်လို့ ကနဦး သိရပြီး တခြား ထိခိုက်သူတွေရဲ့ အခြေအနေနဲ့ အသက်အရွယ်ကို သိရှိရဖို့အတွက် ကန္တာရဝတီတိုင်း ( မ် ) က ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က Y12 ကင်းထောက်လေယာဥ်နဲ့ ၆ ကြိမ်၊ ဂျက်ဖိုက်တာ ၂ ကြိမ်နဲ့ ဗုံးအလုံးရေ ၄၀ နီးပါး ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူထိခိုက်သေဆုံးမှု အပြင် တိရစ္ဆာန်တစ်ချို့လည်း ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုဝင်ဘာလကစပြီး ရှမ်း-ကရင်နီနယ်စပ်ရှိ ကျေးရွာတွေ စစ်ဘေးရှောင်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ အသုံးပြုပြီး ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်အတွင်းက အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၁၀နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၁၂ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းက တိုက်ပွဲ ဖြစ်ပွားတဲ့နေရာနဲ့ အလှမ်းဝေးတဲ့ အရပ်သားရှိရာနေရာတွေကို စစ်ကောင်စီရဲ့ ဦးတည်တိုက်ခိုက်မှုက ခပ်စိပ်စိပ် ဖြစ်လာတယ်လို့လည်း ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

“သူတို့(စစ်ကောင်စီ)က အဲ့လိုမျိုးပဲ တိုက်ပွဲမဖြစ်လည်း စစ်ဘေးရှောင်ပြည်သူတွေကို တော်လှန်သူတွေလိုပေါ့နော။ ပြည်သူကို ပြည်သူလို့ မမြင်ပဲနဲ့ ပြည်သူတွေရှိတဲ့ နေရာမှာပဲ ဦးတည်ပြီးတော့မှ ပစ် ပစ်နေတယ်ပေါ့နော။ ဒီတစ်လ အတွင်းမှာပေါ့။ ဆိုတော့ ပြည်သူတွေကနေပဲ ကိုယ့်ကိုယ် သတိထားပြီးမှ နေရတဲ့ အခြေနေတွေ ရှိတယ်ပေါ့နော” လို့ သူက ပြောပါတယ်။

ဖယ်ခုံမြို့နယ်ဟာ ရှမ်းပြည်နဲ့ ကရင်နီပြည် ရဲ့ နယ်စပ်ဒေသဖြစ်ပြီး ရှမ်းပြည်ကနေ စစ်ကောင်စီစစ်ကြောင်း၊ ‌ထောက်ပို့လမ်းကြောင်းဝင်ရာ ပြည်ထောင်စု လမ်းမကြီးလည်း ဖြစ်ပါတယ်။

spot_img
spot_img

Recent posts