ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နဲ့ အနီးအနားမှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၂နာရီ ဝန်းကျင်မှာ ဖယ်ခုံမြို့ပေါ်က ဆေးရုံကုန်းအနီးအနားတစ်ဝိုက်မှာ နေအိမ်တွေ မီးလောင်တာကို အဝေးတစ်နေရာကနေ လှမ်းမြင်ခဲ့ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“ဆေးရုံကုန်းဖက်လို့တော့ သိရတယ်။ အဝေးကနေပဲမြင်ရတော့ အသေးစိတ်တော့မသိရဘူးပေါ့။ မီးခိုးတွေတော့ တော်တော်လေးမြင်ရတာပေါ့။ အခုရှို့တဲ့နေရာက လူထုတွေ တော့ပြန်မနေကြသေးဘူးပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
ဖယ်ခုံမြို့ပေါ်မှာ တိုက်ပွဲမကြာခဏဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ ပြန်လည်နေထိုင်ခြင်းမရှိဘဲ နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းပြန်ယူတာ ပဲ ပြုလုပ်ကြတယ်လို့ သိရပါတယ်။
ဖယ်ခုံမြို့အတွင်း နဲ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုရှိသလို ကင်းထောက်လေယာဉ်ပျံဝဲတာလည်း နေ့စဉ် ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“လက်ရှိ သူတို့ရှို့တဲ့နေရာက လူထုတွေတော့ပြန်မနေကြသေးဘူးပေါ့။ စစ်ရှောင်တွေရှိတဲ့ နေရာတချို့နဲ့တော့ နီးတယ်လို့တော့ပြောလို့ရတယ်။ ပြီးတော့ တိုက်ပွဲလည်း နယ်စပ်မှာကော မြို့ပေါ်မှာကော ရှိနေတော့ လေကြောင်းတွေလည်း သုံးနေတာရှိတယ်လေ။ နေ့စဥ်ဆိုသလိုပါပဲ”လို့ သူက ဆက်ပြောပါတယ်။
ပင်လောင်းဖက်ကနေ ဖယ်ခုံမြို့ဖက် ဦးတည်စစ်ကြောင်းထိုးမှုတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြေကြားထားတာရှိပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။