spot_imgspot_imgspot_imgspot_img
Thursday, February 27, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့မှာ ပြည်သူတွေမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ် မီးလိုက်ရှို့နေတယ်လို့ ဒေသခံတွေ ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ပေါ်က ပြည်သူတွေမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ယခုဖေဖော်ဝါရီလအတွင်း မီးလိုက်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဖယ်ခုံမှာက အခုမှမဟုတ်ဘူး။ ပြီးခဲ့တဲ့ တစ်လနှစ်လကလည်း ရှို့တာရှိတယ်။ ဒါပေမဲ့ အသေးစိတ်မသိရဘူးပေါ့နော်။ ဘယ်ရပ်ကွက်မှာရှို့နေတာ ဘယ်လောက်ပျက်စီးသွားတာတွေကတော့ မသိရဘူး။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့နေအိမ်မီးရှို့မှု နဲ့ ပျက်စီးမှု ဖြစ်စဥ်အသေးစိတ်ကိုတော့ မသိရဘူးလို့ အဆိုပါ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။ ဖယ်ခုံမြို့တွင်းက နေအိမ်တွေ မီးလောင်မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ က အသိပေးထုတ်ပြန်ထားတာရှိပါတယ်။

ဖယ်ခုံမြို့နေစစ်ရှောင်တစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ညောင်ကုန်း ၁ ၊ ၂ ရပ်ကွက်ဖက်နဲ့ မြို့ပေါ်က နေအိမ်တချို့ မီးလောင်တာ ၄ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ က ပြောဆိုထားတာပါ။

ဒါ့အပြင် ဖယ်ခုံမြို့ပေါ်မှာ စစ်ဘေး‌ကြောင့် တိမ်းရှောင်နေရတဲ့ လူထုတွေကို နေရပ်ပြန်လာဖို့ ပြောဆိုထားပြီး ပြန်လာမနေတဲ့ လူထုတွေရဲ့ နေအိမ်မီးရှို့တာ၊ ပြည်သူလူထုရှိတဲ့ နေရာတွေကို လက်နက်ကြီး၊ လေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထား သွားလာနေထိုင်ကြဖို့ကိုလည်း ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ က တိုက်တွန်းထားပါတယ်။

“အခု စစ်ကောင်စီက ဖယ်ခုံမြို့ပေါ် ပြန်လာနေထိုင်ဖို့အတွက် ဖိအားပေးတာတွေရှိတယ်။ တချို့အိမ်တွေကိုလည်း မီးလိုက်ရှို့နေတယ်ပြောတယ်။ နေအိမ် ပြန်မလာတဲ့အိမ်တွေကို မီးလိုက်ရှို့တယ်။ဆိုတော့ အခြေခံအားဖြင့်ပြောလို့ရတာက ပြန်လာဖို့ ပြောတယ်။ပြန်မလာတဲ့နေအိမ်တွေကို မီးလိုက်ရှို့တာရှိသလို ပြန်လာတဲ့သူတွေကိုလည်း မြို့အပြင် မထွက်ခိုင်းတော့ဘူးဆိုတဲ့ဟာ သိရတာပေါ့နော်။” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားကလည်း ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ပြည်သူတွေ နေအိမ်ပြန်လာဖို့ တိုက်တွန်းပြောဆိုလျက်ရှိနေပြီး ပြန်လာနေထိုင်တဲ့သူတွေကိုလည်း မြို့ပြင်သွားလာခွင့် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့အနီး မိုးဗြဲမြို့မှာလည်း စစ်ကောင်စီ နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်နေတာကြောင့် ဖေဖော်ဝါရီလအတွင်း မိုးဗြဲမြို့ပေါ်က နေအိမ် ၃၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts