spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ဖက်ကမ်းက ကျေးရွာတွေကို ဇန်နဝါရီလ ၁၈ ရက်နေ့၊ ညနေ ၆နာရီအချိန်မှာ ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ပြည်သူလေးယောက်ထိသွားတယ် ကိုယ်ဝန်သည်တစ်ယောက်ပါတယ်။ ဒဏ်ရာတွေက ပြင်းထန်တယ် ဆေးရုံအမြန်ပို့လိုက်ရတယ်။ လွယ်ပေါကရွာပြင်မှကျတယ် နန်းပေါလုံက ရွာထဲကျတယ်။” လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီရဲ့ ခမရ (၃၃၆) ၊ ခမရ (၄၂၁) တပ်ရင်း နဲ့ အမှတ်၇ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ( စကခ ၇) အခြေစိုက်ထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်‌နေ့မှာ မိုးဗြဲမြို့ နဲ့ အနီးပတ်ဝန်းကျင်တွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးနားက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။

ထိခိုက်သွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အသက် ၂၃နှစ်ဝန်းကျင်ရှိပြီး ကျန် ၃ဦးကိုတော့ အသက်အရွယ်နဲ့ ကျား ၊ မကို မသိရှိရပါဘူး။

ဖယ်ခုံ ၊ မိုးဗြဲမြို့တွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ မကြာခဏရှိနေတာကြောင့် ပြည်သူတွေ စိုးရိမ် ထိတ်လန့်နေကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“စစ်ရှောင်ကာလမှာ ကိုယ်စီအခက်အခဲတွေရှိနေတယ် ပြီးတော့ ကိုယ့်ရွာနဲ့ကိုယ် နေပြန်တော့ သူတို့က (စကစ) အဲ့လို လက်နက်ကြီးနဲ့လိုက်ထုနေတော့ အိပ်ကောင်းခြင်းလည်းမအိပ်ရ၊ စားကောင်းခြင်းလည်းမစားရ ဘယ်အချိန်မှာ လက်နက်ကြီးနဲ့ ထုလာမလဲဆိုတဲ့ အတွေးနဲ့ အမြဲတမ်း ကြောက်လန့်နေရတယ်။ “လို့ ဖယ်ခုံဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလကတည်းက မိုးဗြဲ ၊ ဖယ်ခုံ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၃၆) ၊ ခမရ (၄၂၁) ၊ ခမရ (၄၄၂) တပ်တို့ကနေ ကျေးရွာတွေထဲကို လက်နက်ကြီး မကြာခဏပစ်ခတ်တာကြောင့် ဒေသခံတွေအပါအဝင် စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင်ဟာ တခြားနေရာကို တိမ်းရှောင်ခဲ့ရပါတယ်။

ဖယ်ခုံ ၊ မိုးဗြဲမြို့အတွင်းမှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် အရပ်သားရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်း နဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts