spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုစစ်ရှောင်တွေရဲ့ တောင်ယာစိုက်ခင်းတွေကို တိရိစ္ဆာန်တွေဖျက်ဆီး၊ လက်နက်ကြီးကြောင့်ပျက်စီးမှုလည်းရှိနေ

Author

Date

Category

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်ထဲက ဆိုသယ်စစ်ရှောင်စခန်းနေ ပြည်သူတွေ စိုက်ပျိုးထားတဲ့ မြေပဲ၊ ပြောင်းကောက် နဲ့ စပါးခင်းတွေကို အိမ်မွေး တိရိစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နွား၊ ဝက်တို့ ဖျက်ဆီးသွားတဲ့အပြင် စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကြောင့် တောင်ယာစိုက်ခင်းတွေ ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ကျ‌နော်တို့ ပြောင်းကောက်ဆို အကုန်လုံးစားပစ်ကုန်တယ်။ မြေပဲကိုလည်း နင်းချေကုန်တယ်။ တချို့ဆို စားတယ် တချို့နင်းချေသွားတယ်။ ပြီးတော့ ပြန်ယူလို့ကိုမရတော့ဘူး ပြောင်းကောက်ဆို တစ်‌ပင်လေးတောင်မကျန်တော့ဘူး။” လို့ တောင်ယာစိုက်ခင်း စိုက်ထားတဲ့ စစ်ရှောင် အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်က စစ်ရှောင်တွေဟာ စားဝတ်နေရေးအတွက် နေရပ်ပြန်ပြီး စိုက်ပျိုးလုပ်ကိုင်နေကြရပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ၊ တပ်စခန်းကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေကြောင့် အန္တာရာယ်တွေကြားကနေ စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြတာပါ။ လုံခြုံရေးအခြေအနေကြောင့်လည်း အိမ်မွေးတိရိစ္ဆာန်တွေကို လွတ်ကြောင်းစနစ်နဲ့ လွတ်ထားရပြီး တိရိစ္ဆာန်တွေကြောင့် စိုက်ခင်းတွေ ပျက်စီးသွားရတာ ဖြစ်ပါတယ်။

“အများကြီးပျက်စီးတယ်လို့ ပြောရမှာပေါ့။ ဘယ်လိုလဲဆိုတော့ စစ်ကြောင်းထိုးလာတော့ အချို့မသိမ်းဆည်းမီတော့ဘူး။ အချို့ ကျွဲနွားတွေ ဖျက်ဆီးကုန်တယ်။ အချို့က လက်နက်ကြီးကျလို့ပျက်စီးတာ အများကြီးပျက်စီးတယ် ၊ မြေပဲလည်းပျက်တယ်။ စပါးလည်းပျက်တယ်။ ပြောင်းကောက်လည်း ပျက်တယ်။” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့ ဩဂုတ်လ ပထမပတ်ကစပြီး ဖရူဆိုမြို့နယ်ရဲ့ အဓိက လမ်းမကြီးတစ်လျောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

“တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ သေနတ်သံတွေကြောင့် ကျွဲ နွားတွေက ကြောက်ပြီး ကြုံ‌ရာပြေးတော့ တောင်ယာနဲ့တိုးပြီး တောင်ယာကို ဝင်စားတာ တချို့ နောက်ပြီး ဘယ်လိုပြောရမလဲဆို စစ်သားတွေ တောင်ယာနဲ့ တိုးတော့ ခြံစည်းရိုးတွေဖျက်ဆီးသွားတာ ကျွဲ နွား က အဲ့နေရာကနေ ဝင်သွားတာမျိုးလည်းရှိတယ် အဲ့လိုတွေဖြစ်တာပေါ့။ “လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို ဝေးလံပြီး အလှူရှင် ရဲ့ပံ့ပိုးမှု အားနည်းနေတဲ့ဒေသဖြစ်ပါတယ်။ ဒ့ါအပြင် အခုလို စိုက်ခင်းတွေပျက်စီးသွားတာကြောင့် စားဝတ်နေရေးပိုမိုကြပ်တည်းလာမှာကို စစ်ရှောင်တွေက စိုးရိမ်နေကြပါတယ်။

” ဒီနှစ် နှစ်ကုန်မှာ သီးနှံတွေကို ပြန်သိမ်းဆည်းသင့်ပြီး စားရပြီဖြစ်ပေမဲ့ မစားရတော့ဘူး ဖြစ်သွားတော့ အသစ်ပြန်စိုက်ရင်လည်း အချိန်အခါ မဟုတ်တော့ဘူးဆိုတော့ ကျနော်တို့ အလှူရှင်တွေဆီမှာ ရှာဖွေတောင်းစားဖို့ ဆိုရင် သူတို့ဘက်က တတ်နိုင်သလောက် ပြန်ကူညီထောက်ပံ့ ပေးတဲ့အဖွဲ့အစည်းရှိရင် အစားအသောက်ကို ပိုမို ကူညီထောက်ပံ့ပေးဖို့အတွက် ပို အရေးကြီးတယ်လို့မြင်တယ်ပေါ့” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဆိုသယ်စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ တစ်ထောင်ဝန်းကျင်နေထိုင်ကာ ရေရှားပါးတဲ့ဒေသလည်းဖြစ်တဲ့အတွက် မိုးရာသီကိုသာ အားထားနေရပါတယ်။

spot_img
spot_img

Recent posts