spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်က စစ်ဘေးရှောင် နာတာရှည်ဝေဒနာသည်တွေအတွက် ဆေးဝါးလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ရောင်ခြည်ဦး စစ်ရှောင်စခန်းမှာ ခိုလှုံနေထိုင်တဲ့ နာတာရှည် ဝေဒနာခံစားနေရသူ လူနာ (၂၀) ဝန်းကျင်ရှိပြီး ဆေးဝါးလိုအပ်နေကြတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် ဆေးဝါးဝယ်ယူတဲ့နေရာမှာအခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။ အထူးသဖြင့် နာတာရှည် ဝေဒနာသည်တွေအတွက် ပိုမိုခက်ခဲပြီး ဝင်ငွေမရှိတာတွေကြောင့် ဆေးဝယ်ယူဖို့ကိုလည်း မတတ်နိုင်ကြဘူးလို့ စစ်ရှောင်စခန်းတာဝန်ခံ တစ်ဦးက ပြောပါတယ်။

“အထူးသဖြင့် ပိုလိုအပ်ချက်ရှိတာက ဒီ နာတာရှည် အဖွဲ့တွေပေါ့။ နာတာရှည် ရောဂါနဲ့ ပက်သက်ပြီးတော့ ဆေးဝါးက မရှိသလောက်ဖြစ်နေတယ်။ ဆေးရုံ ဆေးခန်းပြရင်လည်း ဆေးတွေက ပြတ်လတ်မှုတွေရှိနေတော့ ကိုယ်တိုင်ပြန်ဝယ်ခိုင်းတာတွေ ရှိတယ်။တချို့သော နာတာရှည်တွေက သူတို့သုံးတဲ့ ဆေးတွေကို သွားဝယ်တဲ့အခါမှာ စျေးအရမ်းကြီးတယ်။ မဝယ်သုံးနိုင်တော့တဲ့သူတွေ ရှိတယ်။ သူတို့အတွက် လိုက်လံရှာဖွေပေးဖို့ ကြိုးစားနေတယ်။”လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။

နာတာရှည်ဝေဒနာသည်တွေမှာ စွဲသောက်နေရတဲ့ ဆေးတွေက အနည်းဆုံး ၅ မျိုးနဲ့အထက်မှာ ရှိတယ်လို့ သိရပါတယ်။ နာတာရှည်ဝေဒနာ ခံစားနေရတဲ့ အသက် ၅၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ၃ ဆင့်လောက် ထပ်ဆင့်ရွေ့ပြောင်းနေထိုင်ရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ၊ ဝင်ငွေမရှိတာကြောင့် ဆေးရုံ၊ ဆေးခန်းကို ပုံမှန်ပြသနိုင်ခြင်း မရှိသလို ဆေးပြတ်လပ်တာလည်း မကြာခန ကြုံနေရပြီး ဆေးတွေကို ချွေတာသုံးစွဲတာတွေ အမြဲလုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။

“ဘယ်မှာပဲနေနေ ဒီလိုပါပဲ။ အဓိကတော့ စားဝတ်နေရေးပါပဲ။ ပြီးတော့ ကျန်းမာရေး.. ကျန်းမာရေးကောင်းမယ် စားဝတ်နေရေး ဆင်ပြေမယ်ဆိုရင် ဘာမှမလိုအပ်ပါဘူး။ ဒီမှာလာနေတော့ သေနတ်သံတော့ မကြားရတော့ဘူး။ အေးတယ်။ ကောင်းတယ်။ ဆင်ပြေတယ်။ ဒါပေမယ့် အရမ်းအေးတော့ ကျမ လို နာတာရှည်နဲ့ အဆင်မပြေဘူး။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရောင်ခြည်ဦး စစ်ရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထဆေးပေးခန်းတစ်လုံး ဖွင့်လှစ်ထားပြီး ဆေးခန်းလာရောက်ပြသနေတဲ့ လူနာတွေအတွက် ဆေးခန်းမှာ အလှူခံပုံးထားကာ ရရှိလာတဲ့ အဲ့ဒီအလှူငွေတွေကနေတစ်ဆင့် ဆေးဝယ်ဖို့မတတ်နိုင်တဲ့ အရေးပေါ် လူနာတွေအတွက် ပြန်လည် အသုံးပြုတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

“ဘယ်လို ဖြေရှင်းလိုက်လည်း ဆိုတော လောလောဆယ် နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ အကူအညီတောင်းတယ်။ လိုအပ်တဲ့ သူတွေအတွက် ချွေတာကြတာပေါ။ တခါ တလေ လုံးဝဆေးပြတ်သွားရင် တစ်ရက် ၂ လုံးသောက်ရမယ့်ဟာကို ၁ လုံးပဲ သောက်တော့တယ်။ အဲလိုမျိုး ဖြစ်သွားတာတွေ ရှိတယ်။”လို့ စစ်ရှောင်တာဝန်ခံက နာတာရှည်ဝေဒနာသည်များအတွက် ဆေးဝါးလိုအပ်ချက်နဲ့ ပတ်သက်ပြီး ဖြေရှင်းနေကြရပုံကို ဆက်ပြောပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ကျော် နေထိုင်ကာ နာတာရှည်ဝေဒနာ ခံစားနေရသူ ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း စစ်ရှေင်စခန်းမှာ နေထိုင်တဲ့ ကလေးအများစုမှာ အရေပြား ယားနာတာတွေ ဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်ချက်တွေလည်း ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts