spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းတချို့မှာ ငှက်ဖျားရောဂါအဖြစ်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဒေသရှိ စစ်ရှောင်စခန်းတချို့မှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောတွေ လည်း ဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ဟိုးအရင်တုန်းက ငှက်ဖျားဖြစ်ဖူးတဲ့သူတွေမှာ ခုပြန်ဖြစ်နေ ကြတယ်ပေါ့နော်။ ငှက်ဖျားကြတော့ လူလတ်ပိုင်းမှာဖြစ်တယ်။ ဒီသွေးလွန်တုပ်ကွေးနဲ့ ဝမ်းလျှောဝမ်းပျက်တွေကြတော့ ကလေးသူငယ်တွေမှာ အဖြစ်များတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။

ငှက်ဖျားရောဂါဖြစ်ပွားမှုဟာ သွေးလွန်တုပ်ကွေး နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါထက် ပိုအဖြစ်များနေတယ်လို့ ဆိုပါတယ်။ တောတောင်ထဲ ခရီးသွားပြီး ပြန်လာကြတဲ့သူတွေမှာ ငှက်ဖျားရောဂါ အဖြစ်များနေကြသလို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့လည်း အားနည်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ငှက်ဖျားဘာလို့အဖြစ်များလည်း ဆိုရင် အခုလောဆယ် ငှက်ဖျားအဖြစ် များတာ ရေကြောင့်လည်း ပါတယ်။ ဒီရေကန်ထဲမှာ ထည့်တဲ့ပိုးပေါ့နော် ခြင်တွေကို မဖြစ်လာအောင် ထည့်တဲ့ဆေးရည် ဆေးလိုနေတယ်ပေါ့နော်။ အဲ့ ဆေးရည်ရှိရင် သက်သာမှာပေါ့။ အဲ့ကနေတဆင့်ဖြစ်တယ်လို့ ထင်တယ်ပေါ့နော် ၊ ဘာလို့လည်းဆိုရင် အဲ့ဖက်ခြမ်းမှာက အဲ့ဒီရေကန်ထဲမှာ ထည့်တဲ့ဆေးက မထည့်ရတာ ၄၊ ၅ နှစ်ပြန်ရှိသွားပြီမို့လို့ အဲ့ကနေဖြစ်တယ် လို့ ထင်တယ်။” လို့စစ်ရှောင်ကူညီသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

မိုးရာသီကာလဖြစ်တဲ့ ဇွန်လပိုင်းကစပြီး ဝမ်းပျက်ဝမ်းလျှောနဲ့ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာကြတယ်လို့ ဆိုပါတယ်။ မသန့်ရှင်းတဲ့အစားအစာနဲ့ ရေကို စားသောက်မိတာ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်စေပြီး မိုးရာသီချိန်မှာကိုက်တဲ့ ခြင်တွေကြောင့်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

သွေးလွန်တုပ်ကွေး ၊ ဝမ်းပျက်ဝမ်းလျှော နဲ့ ငှက်ဖျားရောဂါဖြစ်ပွားမှုရှိနေတဲ့ ဖရူဆို ၊ အနောက်ဖက်ခြမ်းဒေသရှိ စိန်တောင်တန်း နဲ့ ရှေးလူးမူ စစ်ရှောင်စခန်းတွေမှာ ၁၀နှစ်အောက် ကလေးငယ် ၂၀၀ဦးအနက် ၄၀ နီးပါး ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူလတ်ပိုင်း ၆၀၀ဦးရှိတဲ့အနက် ၆၀ နီးပါးမှာ ငှက်ဖျားရောဂါဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော နဲ့ ငှက်ဖျားရောဂါတွေအတွက် ဖုံး၊ သွန်၊ ခတ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ ထည့် ဆိုတဲ့ အချက် (၁၁)ချက်ကို စစ်ရှောင်နဲ့ ကျေးရွာတွေတိုင်းမှာ လုပ်ဆောင်ပြီး ကြိုတင်ကာကွယ်ထားသင့်တယ်လို့ ကျန်းမာရေးဝန်းထမ်းတစ်ဦးက ပြောဆိုထားပါတယ်။

ကျန်းမာရေးစောင့်ရှောက်ပေးမှုမှာတော့ အဆိုပါရောဂါတွေနဲ့ ဆေးရုံလာပြတဲ့ လူနာတွေကို သောက်ဆေး တစ်လစာ အထိသာ လုံလုံလောက်လောက် ပေးနိုင်ပြီး ဆေးဝါးဝယ်ယူဖို့ ငွေကြေးရရှိမှုကလည်း ခက်ခဲနေတာကြောင့် အကန့်အသတ်နဲ့သာ ပေးနိုင်တယ်လို့ ဖရူဆိုအနောက်ဘက်ခြမ်းက ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဖရူဆို ၊ အနောက်ဖက်ခြမ်းဒေသရှိ စိန်တောင်တန်း နဲ့ ရှေးလူးမူ စစ်ရှောင်စခန်း နှစ်ခုမှာ အိမ်ခြေ ၃၇၂ အိမ်၊ စစ်ဘေးရှောင် ဦးရေ ၁၅၁၅ဦး ရှိနေပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ကျေးရွာ ၊ စစ်ရှောင်စခန်းတချို့မှာ အရေးပေါ် ကျန်းမာရေးအတွက် ဆေးရုံ ၊ ဆေးခန်း သွားလာနိုင်ဖို့ အခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts