spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အတွင်းက နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်တွေကို ဒေသခံတွေ တောင်ယာအငှား စိုက်ပျိုးခွင့်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေ စားဝတ်နေရေးဖြေရှင်းနိုင်ဖို့ ဒေသခံတွေကနေ တောင်ယာအငှား စိုက်ပျိုးခွင့်ပေးထားပြီး လက်ရှိမှာ ထွန်ယက်စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အများစုဟာ အလှူရှင်တွေကိုသာ မှီခိုအားထားနေရတာဖြစ်ပြီး စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားဝတ်နေရေး ပိုမိုခက်ခဲလာတာကြောင့် ဒေသခံတွေရဲ့ တောင်ယာ၊ ရွေ့ပြောင်းတောင်ယာတွေကို လုပ်ကိုင်လာကြတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်အတွက်ဆိုပြီးတော့ တောင်ယာတွေ ပေးလုပ်ပါတယ် မြေကွက်တွေပြပေးတာတွေကို အခကြေးငွေ မတောင်းဘူးပေါ့နော။ တောင်ယာ အသစ်ခုတ်မယ်ဆိုလည်း သူတို့ (ဒေသခံ) နေရာပြပေးတာပေါ့နော။ ကျနော်တို့ဖက်မှာတော့ ပြဿနာမရှိဘူးပေါ့နော။” လို့ ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းရှိ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းက ရပ်ကွက် ၅ ခု နဲ့ အုပ်စု ၄ ခုက ကျေးရွာတချို့ဟာ စစ်ရှောင်ကာလ ၃နှစ်ကြာမြှင့်နေပြီဖြစ်တာကြောင့် ရောက်ရှိနေတဲ့ ဒေသမှာ တောင်ယာအငှားစိုက်ပျိုးကြတာ ဖြစ်ပါတယ်။

“ တောင်ယာလုပ်တာကတော့ အကုန်လုံးတော့ လုပ်တာပေါ့နော။ ဒါပေမယ့် နည်းနည်းပါးပါးပဲပေါ့ တချို့ကျတော့ ဒေသခံနဲ့ ပေါင်းလုပ်တာပေါ့နော။ ရလာရင် တစ်ယောက်တစ်ဝက်ပေါ့။ ဒေသခံတွေရဲ့မြေနေရာ အခကြေးငွေက ဘယ်လောက်ပေးရမယ်ဆိုတာ မရှိဘူး။ ဒေသခံတွေတော့ ကူညီပါတယ်။ ဒါပေမယ့် မြေနေရာအတွက် အလွတ်တွေက နည်းနည်းဝေးတာပေါ့နော။ တတ်နိုင်တဲ့သူ လုပ်တာပေါ့။ မတတ်နိုင်တော့လည်း မလုပ်ကြဘူးပေါ့။”လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

ထွန်ယက်စိုက်ပျိုးရာမှာ မြေဆီ၊ မြေဩဇာတွေ ဝယ်ယူနိုင်ဖို့ ငွေကြေးမတတ်နိုင်တာကြောင့် အဆင်ပြေသလိုသာ စိုက်ပျိုးနေကြရပြီး သီးနှံအထွက်နှုန်း နည်းပါးမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ထွန်ယက်စိုက်ပျိုးဖို့ စက်တွေလည်း ငှားရမ်းရတာကြောင့် အခက်အခဲ ရှိနေကြပေမယ့် စားဝတ်နေရေးအတွက် အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပြီး စပါး၊ မြေပဲ၊ ပြောင်းကောက် စတဲ့သီးနှံတွေကို အနည်းငယ်စီ စိုက်ပျိုးနေကြတယ်လို့ ဆိုပါတယ်။

“စိုက်ပျိုးရေးအခြေအနေကတော့ တွေ့တဲ့အတိုင်းပဲပေါ့။ ဒီဖက်မှာက တောင်ပေါ်က များနေတော့ မဖြစ်မနေ လုပ်ကိုင်နေကျ တချို့ရှိနေတော့ ရွာခံအနေနဲ့ သွားခုတ်စားလို့တော့ ပြောတာပေါ့။ တချို့ကခုတ်တယ် အများလည်း မလုပ်နိုင်ဘူးပေါ့။ လုပ်နေကျမဟုတ်တော့ စိုက်ပျိုးရေးက တော်တော်အားနည်းနေတယ်”လို့ ရွေ့ပြောင်းတောင်ယာစိုက်ပျိုးခွင့်ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ဖရူဆိုမြို့နယ်အတွင်း လယ်ယာမြေ၊ ရွေ့ပြောင်းတောင်ယာ ဧက တစ်သောင်းကျော်ရှိတဲ့အနက် ၃ပုံ ၁ပုံ သာ စိုက်ပျိုးရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြတယ်လို့ လယ်ယာမြေနှင့် စီမံခန့်ခွဲရေးဌာနက ဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်နေရဆဲ လူဦးရေ တစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts