spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အထက်တန်းကျောင်းတွေမှာ ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းနိုင်ဖို့ စည်းရုံးရေးလုပ်ဆောင်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းနိုင်ဖို့ အတွက် ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းတွေကို သွားရောက်ပြီး ကွင်းဆင်း စည်းရုံးရေး ဆောင်ရွက်နေတယ်လို့ အဆိုပါ စည်းရုံးရေးကို ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

“ဘာဖြစ်လို့ဖွဲ့ရလည်းဆိုတော့ ကျောင်းသားထုတွေရဲ့ အခွင့်အရေး၊ ဒီချိန်မှာ စစ်ရှောင်နေရတဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့်မလို့ ကျောင်းသားထုတွေရဲ့ ရပိုင်တဲ့အခွင့်အရေး၊ ရနိုင်တဲ့ အခွင့်အရေး တွေအတွက် ဦးဆောင်ပေးနေတာပဲ ဖြစ်တယ်ပေါ့” လို့ သူက ပြောပါတယ်။

ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းနိုင်ဖို့အတွက် စည်းရုံးရေး လုပ်ဆောင်တဲ့နေရာမှာ အထက်တန်းအထိ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကို ဦးစားပေးစည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။

“အထက်တန်းကျောင်းတွေကိုပဲ ဘာဖြစ်လို့‌ ရွေးချယ်ပြီး သွားဖြစ်ခဲ့လည်းဆိုတော့ ကျနော်ကတော့ Grade (8)၊ (9)၊ (10)၊ (11)၊ (12)အဲ့က နေပြီးတော့ပဲ သွားလိုက်တယ်။ ဘာလို့ဆိုတော့ သူတို့က ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်ရှိပြီ။ ကိုယ်ပိုင်ယူဆချက်တွေရှိပြီ အဲ့ဒါကြောင့်မို့ပဲ အဲ့ Grade( 8)၊ (9)၊ (10) ၊(11) ၊(12)ကိုသွားလိုက်တယ်ပေါ့။ “လို့ စည်းရုံး‌ရေး ဦး‌ဆောင်သူတစ်ဦးက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်ထဲမှာ အထက်တန်းကျောင်း ၁၄ကျောင်း ထိရှိနေပြီး အဲ့ဒီထဲက လက်လှမ်းမှီတဲ့ အထက်တန်းကျောင်း ၈ကျောင်းကိုသာ စည်းရုံးရေးဆင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆင်း မသွားနိုင်ခဲ့တဲ့ အထက်တန်းကျောင်းတွေကိုတော့ အွန်လိုင်းကနေ ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဖွဲ့စည်းမယ့် ဖရူဆိုကျောင်းသားများ သမဂ္ဂအဖွဲ့ဟာ ဒီးမော့ဆိုမြို့နယ် ကျောင်းသားများသမဂ္ဂ၊ ဖယ်ခုံမြို့နယ် ကျောင်းသားများသမဂ္ဂ၊ KSUU(Karenni State Student Union)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ ချိတ်ဆက်မှုရှိပြီး အာဏာရှင်မှန်သမျှ အမြစ်ပြတ်ခြေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုဂရေစီ ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုဂရေစီ ပညာရေးစနစ် ပေါ်ပေါက်လာရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ကို အဓိကထား လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“အဲ့မျိုးလုပ်တယ်ဆိုလည်း ကိုယ့်ကျောင်းအတွက် ကောင်းတယ်ဆိုတာ ကိုယ်လည်းခံစားရတာပေါ့နော။ သူများဘယ်လိုပဲပြောလာလာပေါ့။ တစ်ချိန်ကျ အောင်မြင်လာမယ် ဆိုတာလည်း ယုံကြည်ပြီးတော့မှလုပ်တယ်။ ကိုယ့်အတွက် စိတ်အားပိုရှိလာတာပေါ့။ စိန်ခေါ်မှုကအမျိုးမျိုးပဲ အပြင်ကလည်းပြောတယ်။ ကျောင်းဆရာ၊ဆရာမတောင်မှ အဲ့လိုမျိုးလုပ်တယ်ဆိုလည်း နင်တို့ ဘာရည်ရွယ်ချက်နဲ့ လုပ်လဲ၊ ဘာညာတော့ လာပြောကြတာပေါ့၊ အပြင်ကလူတွေလည်း ကျောင်းသားသမဂ္ဂဖွဲ့တာ ဘာစားရမှာလဲ။ ဘာလို့အဲလို မျိုးပြောလည်းဆိုတော့ သူတို့ကနားမလည်သေးလို့။ ဒါပေမဲ့ ဒါတွေက ဘေးစကားတွေပဲဆိုပြီး လုပ်စရာရှိတာ ဆက်လုပ်ကြတာပေါ့။”လို့ ကလူဆိုယိုသာကျောင်းက ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

အဆိုပါ ဖရူဆိုမြို့နယ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်းနိုင်ဖို့အတွက် ဖြစ်မြောက်ရေးကော်မတီကို ၂၀၂၄ခုနှစ် မေလ ၂၉ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts