spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ အခြေခံစားသောက်ကုန် ဈေးနှုန်း ပိုမိုမြှင့်တက်လာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ ပိုမို မြှင့်တက်လာတယ်လို့ ကုန်စျေးရောင်းသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ ဒီအနောက်ဖက်ခြမ်းက အဓိက သူတို့ ကုန်ပစ္စည်းတွေ ယူရတာက ဒီဒေသထွက်ကုန်တွေက မရှိဘူးလေ။ မရှိတော့ တဆင့်ပြန်ယူရတာဖြစ်တဲ့အတွက် တခြားနေရာကယူရတာဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးအရ တခါခါ လမ်းပိတ်တာတွေရှိတယ် ဆိုတဲ့အခါကျတော့ ကားတွေ ငှားသွားရတယ် ဓာတ်ဆီတွေစျေးတတ်တဲ့ချိန်ဆို ကုန်စျေးနှုန်းတွေက တက်တယ်ပေါ့နော်။ နောက်ပြီးတော့ ကုန်စိမ်းတွေဆိုရင်လည်း ခရမ်းချဥ်သီးတို့ ဂေါ်ဖီထုပ်တို့ဆိုရင် ဒီဒေသမှာက ဒီအနောက်ဖက်ခြမ်းမှာထွက်တဲ့ပစ္စည်းထဲမှာ မပါဘူး ၊ ဒေသထွက်တဲ့ဟာလည်းမဟုတ်တဲ့တွက် တဆင့်ခံပြန်ယူရတယ် တဆင့်ခံပြန်ယူရတဲ့တွက် ကုန်စျေးနှုန်းတွေက စျေးကြီးတယ်ပေါ့နော။” လို့ အဆိုပါ အမျိုးသမီး ပြောပါတယ်။

ကုန်ပစ္စည်းအများစုကို ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ အဓိကဝယ်ယူရတာဖြစ်ပြီး မိုးရာသီကာလအတွင်းမှာတော့ လမ်းခရီးအခက်အခဲကြောင့် ကုန်ပစ္စည်းသယ်ဆောင်ရာမှာလည်း အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။ ကုန်စိမ်း၊ ကုန်ခြောက်တွေကို ကားနဲ့သယ်ယူတဲ့ အချိန်မှာလည်း လမ်းခရီးအဆင်မပြေတာကြောင့် လမ်းတစ်ဝက်မှာတင် ကုန်စိမ်းတချို့ ပုတ်သိုးသွားတာ ပျက်စီးသွားတာ ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။

အခြေခံစားသောက်ကုန်စျေးနှုန်းတွေ မြှင့်တက်နေတာကြောင့် ဝင်ငွေရ အလုပ်အကိုင်မရှိတဲ့ စစ်ဘေးရှောင်တွေဟာလည်း ကုန်စိမ်း ၊ ကုန်ခြောက်တွေဝယ်ယူဖို့ ငွေကြေးမတတ်နိုင်ဘူးလို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခက်အခဲကတော့ အများကြီးဘဲပေါ့နော၊ ဝင်ငွေလည်းမရှိ၊ နေ့စားအလုပ် ခေါ်တာမျိုးတွေ လည်း မရှိဘူး။ ဒီကုန်စျေးနှုန်းတွေတက်လာတော့ သူတို့အတွက်ပိုပြီးတော့ ဒုက္ခရောက်တယ်။ ပိုပြီးတော့မှ အခက်အခဲရှိတယ်ပေါ့နော။” လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖရူဆို အနောက်ဖက်ခြမ်းဒေသတွေမှာ ကုန်စျေးနှုန်းတွေဟာ ယခင်စျေးထက် မြှင့်တက်သွားတာဖြစ်ပြီး ခရမ်းချဉ်သီးတစ်ပိဿာဈေး ၁၅၀၀ ကျပ်ရှိရာကနေ ၄၀၀၀ ကျပ်အထိ ပေးဝယ်ရတယ်လို့ ဆိုပါတယ်။ ကုန်ဈေးနှုန်းမြှင့်တက်တာကြောင့် စစ်ဘေးရှောင်တွေဟာ ဟင်းစားရဖို့အတွက် ကုန်ကျစရိတ်သက်သာအောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြုလုပ်လာကြသူတွေ များပြားလာပါတယ်။

“စစ်ရှောင်တွေ အဲ့လို တပိုင်တနိုင် စိုက်ပျိုးနိုင်တော့ အနည်းဆုံးတော့ ဒီဟင်းဖိုးလေး ၄၊ ၅ထောင်လောက်ပဲပေါ့ အဲ့လောက်ထိဘဲ သက်သာနိုင်တယ်ပေါ့နော။” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ဖရူဆို အနောက်ဖက်ခြမ်းဒေသဟာ တောင်ယာစပါးတမျိုးတည်းကိုသာ အဓိကထား စိုက်ပျိုးတာ ဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာပဲ နေရာ၊ ဒေသ အလိုက် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်း ပြောင်းလဲမှု ရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။ ဟိုယာကျေးရွာမှာ ဝယ်ယူရတဲ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဆန်( ရွှေရင်အေး) (ဒေသအခေါ် – ၂၅ဝိတ်) (၁အိတ်) – ၉၅၀၀၀ကျပ်
ဆန်(ရွှေအပ်) (၁အိတ် ) – ၉၅၀၀၀ကျပ်
စားဆီ(၁ပိဿာ) – ၁၄၀၀၀ကျပ်
ခရမ်းချဥ်သီး (၁ပိဿာ) – ၄၀၀၀ကျပ်
ကြက်သွန်ဖြူ (၁ပိဿာ ) – ၁၇၀၀၀ကျပ်
ကြက်သွန်နီ (၁ပိဿာ) – ၄၀၀၀ကျပ်
ကြက်ဥ (တစ်ကတ်) – ၁၅၀၀၀ကျပ်
အသားတု( ၁ပိဿာ ) – ၁၂၀၀၀ကျပ်
ဆလားပြားငါးခြောက်( ၁ပိဿာ) – ၁၀၀၀၀ကျပ်
ငရုတ်သီးစိမ်း (၁ပိဿာ) – ၅၀၀၀ကျပ်
မုန်ညင်း (၁စီး) – ၁၀၀၀ကျပ်
ဂေါ်ဖီထုပ် (၁လုံး) – ၂၅၀၀ကျပ်
အာလူး( ၁ပိဿာ) – ၅၀၀၀ကျပ်
ပဲသီး( ၁ပိဿာ) – ၄၀၀၀ကျပ်
ဓာတ်ဆီ(၁ဂါလံ) – ၁၆၀၀၀ ကျပ်
ဒီဇယ်(၁ဂါလံ)- ၁၈၀၀၀ကျပ် တို့ ဖြစ်ကြပါတယ်။

spot_img
spot_img

Recent posts