ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ လူဦးရေ ၃၀၀၀၀ ကျော်နေထိုင်ပြီးတော့ ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ ဆန္ဒမဲပေးခွင့်ရှိသူ ၇၇၀၀ ကျော်ရှိတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။
ဖရူဆိုမြို့နယ်တွင်းမှာ အများစုက ကယား၊ ကယော ၊ ပရဲ့ နှင့် ကရင်စတဲ့ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ကြပါတယ်။
ဖရူဆိုမြို့နယ်ထဲမှာမှ ဟိုယာဒေသမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF)နဲ့ ကရင်နီအမျိုး သား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) တို့ရဲ့ လှုပ်ရှားနယ်မြေတွေ ဖြစ်ပါတယ်။
ဟိုယာဒေသမှာ နေထိုင်ကြတဲ့ ကယောတိုင်းရင်းသားလူမျိုးစုတွေကတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအပေါ် ဘာတွေ မျှော်လင့်တောင်းဆိုကြသလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။
ဦးဒွန်းအီ (ခါးဘယ်ကျေးရွာ၊ ဖရူဆိုမြို့နယ်)
“လက်မှတ်မထိုးသ၍တော့ ငြိမ်းချမ်းတယ်လို့ ကျနော်တို့ မယူဆနိုင်ဘူး။ ဘာဖြစ်လို့လဲဆို တစ်နေ့တစ်ရက် ကျရင်၊ သူတို့က ပဋိပက္ခ၊ သဘောထားချင်းမတူရင်၊ မတိုက်ဆိုင်ရင်၊ ပြန်ပြီးဖြစ်ပွားရင် ကျနော်တို့က မငြိမ်းချမ်းဘူး၊ ကျနော်က အဲ့လိုမျိုးပဲ ခံယူတယ်။ ငြိမ်းချမ်းရေးကို ဆက်ပြီး ဆွေးနွေးခိုင်းစေချင်တယ်။ ကျနော်တို့ ပြည်သူတွေရဲ့ သဘောထားဆန္ဒအလျောက်ပေါ့နော်။ ဒီကိုယ်စားပြု နိုင်ငံရေးပါတီတွေက၊ ဒီလက်နက်ကိုင်အဖွဲ့ အစည်းတွေက ပြည်သူရဲ့ သဘောဆန္ဒအလျောက် ခံယူပြီးတော့ လူထုမေးမြန်းပြီးတော့မှ သူတို့ အဲတိုင်း ဆက်သွားဖို့လိုတယ်။ ပြည်သူလူထုရဲ့ သဘောဆန္ဒအလျောက် ကိုယ်စားပြုပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုး စေချင်တယ်။ ဘာဖြစ်လို့လဲဆို ဒီလူထုကိုယ်စားမပါပဲနဲ့ သူတို့ဟာ သူတို့ လက်မှတ်ထိုးလို့တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်ဘူး။ လူထုကိုယ်စားပြုနိုင်တဲ့ အချက်အလက်တွေ၊ လူထုရဲ့ သဘောဆန္ဒအလျောက် သူတို့ ခံယူပြီးတော့မှပဲ၊ လူထုဆန္ဒသဘောထားကို ရယူပြီးတော့မှပဲ လူထုဖြစ်စေချင်တယ်ဆိုတဲ့ အခါကျမှပဲ ဒီငြိမ်းချမ်း ရေးကို တည်ဆောက်ပြီး လက်မှတ်ထိုးတာပဲ ဖြစ်စေချင်တယ်။
အနာဂတ်မှာတော့ ဒီလို ငြိမ်းငြိမ်းချမ်းချမ်း၊ ဒီဒေသဖွံ့ဖြိုးရေး အောင်မြင်မှုတွေ၊ ဒီလူထုရဲ့ အသက်အိုးအိမ်တွေ ကောင်းမွန်စွာ နေထိုင်ပိုင်ခွင့်၊ ဒေသဖွံ့ဖြိုးရေးတစ်ခုကို ကျနော်တို့က မြင်ချင်တာပေါ့နော်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ဒီရွေးကောက်ပွဲပြီးရင် စစ်မှန်သော ဖက်ဒရယ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့လိုတယ်။ ဒီစစ်မှန်သော ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာတည်ဆောက်ဖို့ ကျနော်တို့ လူထုတစ်ရပ်လုံးက ကျနော်တို့လည်း တောင့်တတာပေါ့နော်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်ရင် ဖက်ဒရယ်လည်း မသွားနိုင်ဘူး။ ကျနော်တို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်လည်း မရနိုင်ဘူး။ လူတစ်ဦးချင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာက ဆုံးရှုံးပြီးတော့ လာမယ့် အနာဂတ်မှာ ဒီခိုင်ခိုင်မာမာ ဖက်ဒရယ်သွားနိုင်ဖို့၊ ငြိမ်းချမ်းရေးကို သွားနိုင်ဖို့ လူထုတစ်ရပ်လုံး ကျနော်တို့က မျှော်မှန်းတာပေါ့နော်။”
ဖိလစ်ကို (ကေကောကျေးရွာ၊ ဖရူ ဆိုမြို့နယ်)
“ကနော်တို့ အဖေအမေ၊ ကျနော်တို့ အဖိုးအဖွားခေတ်ကဆို ဗမာစစ်တပ်တွေက ကျနော်တို့ဖက်ကို အမြဲတမ်းလာတယ်။ နောက် ခုခါကျတော့ ဝင်လာလည်း ဘာမှ မဖြစ်တော့ဘူး။ အဖိုးအဖွားခေတ်ကဆို ဗမာစစ်တပ်ဝင်လာတာနဲ့ ထွက်ပြေးကြတယ်။ ကြောက်ကြတယ်။ ခုချိန်ဆို ဝင်လာတာနဲ့ ကျနော်တို့က ပြူးပြီးကြည့်နေရတယ်၊ အဲ့လို သဘောမျိုးဖြစ်သွားတယ်။ မကြောက်ဘူး။ သူတို့ ဝင်လာလည်း သူဟာ သူသွားပါစေ။ သူတို့ ကိစ္စနဲ့သူတို့ သွားစရာရှိတာ သွားပါစေ။ အဲ့မျိုးပဲ ပြောပြီးမှ အဲ့မျိုးပဲ ကြည့်တာပဲ။ ဘာမှ အကန့်အသတ်တော့မရှိဘူး။ သူတို့ကို မြင်တာ ကြောက်ဖို့လည်း မရှိတော့ဘူး။
ငြိမ်းချမ်းမယ်ပြောလည်း တအားခက်တယ်၊ မငြိမ်းချမ်းဘူး။ ကျနော်တို့ ရွာမှာဆို ဖွံ့ဖြိုးတိုးတက်ဖို့က တအားလို နေသေးတယ်။ အဆင့်တအားနောက်ကျတယ်။ အဲ့ကြောင့်မို့လို့ ဖွံ့ဖြိုးတိုးတက်အောင် အခု စလုပ်မှ ရတော့မယ်။ ကျနော်တို့ ဒေသမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးတို့၊ အရောင်းအဝယ်လုပ်တဲ့ အချိန်မှာ ကျနော်တို့လည်း လွတ်လွတ်လပ်လပ်သွားချင်တယ်။ ကျနော်တို့က အရောင်းအဝယ်လုပ်တာကော၊ ကျနော်တို့ လုပ်တဲ့ စီးပွားရေးဆို ဟှိုဖက်မှာ ပို့ရတယ်ကော။ ဟိုဖက်မှာပို့တော့ လွတ်လွတ်လပ်လပ်သွားချင်တယ်။ သူတို့ ဂိတ်ခွန်တို့ ဘာတို့ဆို ကျနော်တို့လည်း ရှိတဲ့ဟာနဲ့ ကျနော်တို့လုပ်စားတယ်။ နည်းနည်းရလည်း သူက နည်းနည်း ကောက်တယ် အဲ့မျိုးလေ။ အဲ့မျိုးခါကျတော့ ကျနော်တို့လည်း ဒီဒေသမှာ၊ ဒီရွာမှာ၊ ဒီမြို့နယ်မှာဆို ကျနော်တို့ အဲ့ဒါ မရှိခိုင်းချင်ဘူး။”
ဒေါ်နာတားလျာ (ဟိုယာဒေသ၊ ဖရူဆိုမြို့နယ်)
“ငြိမ်းချမ်းလာတာထက် စိတ်အေးလက်အေးနဲ့ နေရတာပေါ့။ အရင်ကဆို ဒီလိုမျိုးဘယ်နေရမလဲ။ ကြောက်ပြီး နေနေရတာပေါ့နော်။ ဥပမာ လက်နက်ကိုင် အဖွဲ့အစည်းတွေက တစ်ဖွဲ့ပြီး တစ်ဖွဲ့တိုက်ခိုက်ကြတာလေ။ သူတို့ အဖွဲ့အစည်းအမျိုးစုံရှိတာပေါ့နော်။ ကိုယ်က ခရီးတစ်ခုသွားတော့မယ်ဆိုရင် ဆန်တွေဘာတွေ သွားဝယ်စား တော့မယ်ဆိုရင် လမ်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ တိုးရမှာလည်း ကြောက်တယ်။ ဘာဖြစ်လို့ ကြောက်လဲဆိုလို့ရှိရင် သူတို့က ကိုယ့်ကိုမေးတာပေါ့နော်။ နင်တို့က ဟိုကနေလာတယ် ဘာနဲ့တွေ့ခဲ့လဲ။ ဥပမာ တပ်ကလူတွေနဲ့ တွေ့တယ်ဆိုလို့ရှိရင် နင်တို့လာတဲ့ လမ်းမှာ သူပုန်တွေများရှိလာ။ အဲ့ဒါမေးလိုက်၊ မဟုတ်ရင် သူပုန်နဲ့ တိုးလို့ရှိရင် နင်တို့အပြန်လမ်းမှာ စစ်တပ်တွေနဲ့ တွေ့လာ အဲ့လိုမျိုးတွေ မေးခံရတာပေါ့နော်။ တခါတလေဆို ကိုယ်ပြောပြလိုက်ရင်လည်း သူတို့ ကိုယ့်ကို အပြစ်မြင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆို ငါတို့ရှိတယ် ဘာဖြစ်လို့ သွားပြောလဲ အဲ့လိုမျိုးပေါ့။ ကိုယ်က သွားပြောပြလိုက်လို့ရှိရင် နင်တို့ ထောက်လှန်းရေး လုပ်တယ်ဆိုတဲ့ဟာနဲ့ပဲ ကိုယ်ကြောက်နေရတယ်။
သူတို့ဟာ သူတို့ကျတော့ နိုင်ငံရေးလက်နက်ကိုင်အဖွဲ့အစည်းဆိုတာ သူတို့အတွက်ကောင်းရင် သူတို့ပဲ စားရတယ်လေ။ ပြည်သူလူထုမှ မစားရတာ။ အဲ့လိုမျိုးပေါ့နော်။ သူတို့အတွက် မကောင်းလို့ရှိရင် သူတို့က လက်နက်ရှိတာကော ရတဲ့နေရာ သူတို့ ကောက်စားမှာပဲ။ သူတို့နဲ့ တပ်မတော်ကြားမှာ ခါကျတော့ တပ်မတော် ကလည်း သူတို့စိတ်ရင်းကို အမှန်ကို မသိရဘူး။ ငြိမ်းချမ်းရေးအဖွဲ့အချို့ဆို သူတို့ အယုံအကြည်မရှိကြဘူးလေ။ သူတို့ ပြန်လာသာပြန်လာတယ်။ သူတို့ ယုံကြည်တဲ့အပိုင်းမှာ အကုန်လုံးမရှိဘူးပေါ့နော်။ ယုံကြည်ချက်အပြည့် အဝမရှိဘူး အဲ့လိုမျိုးဖြစ်တယ်။ အထူးသဖြင့် နောက်ကျပြန်လာတဲ့ အဖွဲ့ပေါ့။ အခုက စည်းလုံးညီညွှတ်ခေတ်ပဲ ပေါ့နော်။ အချင်းချင်း နားလည်ကြဖို့ ခွင့်လွှတ်ကြဖို့ပဲ၊ ငြိမ်းချမ်းရေး ယူကြတာပဲ ကောင်းတာပေါ့နော်။ ပြည်သူလူ ထုအတွက် ကောင်းတယ် အဲ့ဒီတစ်ခုပဲ။”
ဦးပါစကွားလယ် (ဟိုယာဒေသခံ၊ ဖရူဆိုမြို့နယ်)
“တော်တော်လေး ပြောင်းလဲလာတယ်။ ပညာရေးရော၊ ကျန်းမာရေးရောပိုကောင်းလာတယ်။ နိုင်ငံရေးလည်း တော်တော်လေးပိုကောင်းလာတယ်။ တော်တော်လေး သက်သာလာတယ်။ အရင်တုန်းကဆို တော်တော်လေး အခက်အခဲကြုံရတယ်။ သိပ်တော့ မတိုးတက်သေးဘူး။ ကတ္တရာတို့၊ မီးတို့ တိုးချဲ့လာတာပေါ့။ မီးတိုင်တို့၊ လမ်းဆိုလည်း ကတ္တရာ တစ်မိုင်၊ နှစ်မိုင်တိုးချဲ့လာတယ်တို့ အဲလိုမျိုးတွေ့ရတယ်။
အစည်းအဝေးလည်း တစ်နှစ်တစ်ခါ သူတို့ခေါ်တယ်။ KNPP အဖက်ကရော၊ ဒီကျေးရွာမှာ လစဉ်လုပ်တယ် သဘောက။ ပစ်ခတ်ရပ်စဲရေးယူဖို့ပဲ တောင်းဆိုတယ်။ ကျနော့အတွက်ရော သူတို့အတွက်ရော ငြိမ်းချမ်းပါစေလို့ အဲ့လိုမျိုးပဲ ယုံကြည်တာပေါ့။ ကိုယ့်သားသမီး မခံရအောင်၊ ပေါ်တာတွေ ဒီမှာ မထမ်းရအောင် အဲဒါကို ငြိမ်းချမ်းရေး ယူပါစေလို့။”