ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်း က တပ်သားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ အနီးနားက ကျေးရွာတစ်ရွာရဲ့ နွားတွေကို ပစ်ခတ်သတ်ဖြတ်ပြီး အသားတွေကို ဖျက်ယူဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၅၀ ဝန်းကျင် နဲ့ စစ်ကြောင်းထွက်လာတာဖြစ်ပြီး လုံခြုံရေးယူကာ နွားအကောင်ရေ ၁၀ ကျော် ကို လာရောက်ပစ်ခတ်ကာ အသားတွေကို ဖျက်ယူသွားတယ်လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒီတစ်ခေါက်လာပစ်တာဆိုရင် ၁၀ ကောင်ကျော်လောက်ရှိတယ်။ တိတိကျကျပြောလို့ ၁၀ ကောင်လောက်ရှိတယ်”လို့ သူက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ နွားကျောင်းနေတဲ့ ရွာခံ ၂ ဦးကို နေရပ်ပြန်ခိုင်းပြီး ကျန်ရစ်တဲ့ နွားတွေကို သတ်ဖြတ်ယူဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ခွဲထွက်လာတာဖြစ်ပြီး သူတို့ရဲ့တပ်သားတချို့ဟာ အရပ်သားဝတ်စုံတွေဝတ်ဆင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံပစ်ခတ်တာကြောင့် ပစ်သတ်ထားခဲ့တဲ့ နွားတွေကို အကုန်ဖျက်ယူသွားနိုင်တာမရှိဘဲ စစ်ကောင်စီတပ်တွေက ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ပြန်လည် ဆုတ်ခွာသွားပြီးနောက် နွားတွေကို သွားပြန်ကြည့်တဲ့ အချိန်မှာတော့ ဖျက်လက်စ သေနေတဲ့ နွား ၆ ကောင် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ပြန်ရလိုက်တာဆို ၆ ကောင်ပြန်ရမယ်။ ၆ ကောင်ဆိုတာက အပြည့် အစုံမရဘူးနော်။ တစ်ကောင်ပဲ အပြည့်အစုံရတယ်။ ကျန်တဲ့ ကောင်တွေက အပြည့်အစုံမရဘူး။”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တစ်လကို ပုံမှန် ၁ ခေါက်နှုန်းနဲ့ ယခုလို ဒေသခံတွေရဲ့ နွားတွေကို သတ်ဖြတ်စားသောက်နေတာရှိပြီး ယခင်တုန်းကတော့ တကြိမ်ကို နွား ၃ ကောင်အထိ ပစ်ခတ်ကာ အသားတွေကို ဖျက်ယူသွားလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖရူဆိုမြို့ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင်ရေးကျောင်းနဲ့ နီးတဲ့ နောက်ထပ်ကျေးရွာ တစ်ရွာမှာလည်း ၂ လအတွင်း နွားပျောက်တာ ၉ ကောင်ရှိတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျမတို့ရွာက စစ်တပ်နဲ့ အရမ်းနီးတော့ နွားတွေက ဟိုဘက်တောင် ကျော်သွားရင် လိုက်မမောင်းရဲတော့ဘူး။ အဲဒီဘက်မသွားအောင် သေချာကြည့်ရတာပေါ့။ ဒါပေမယ့် ဒီ ၂ လအတွင်းတော့ ဒီရွာမှာ ပျောက်တာ ၉ ကောင်ရှိပြီ”လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။
ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေရှိနေဆဲဖြစ်ပြီး ရိက္ခာ အတွက် တပ်ပြင်ထွက်ကာ ဒေသခံတွေရဲ့ တိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်နေကြတာ ဖြစ်ပါတယ်။
ဖရူဆိုမြို့နယ် အမှတ် (၁၄)တပ်နဲ့ နီးတဲ့ ကျေးရွာတစ်ရွာမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွားကောင်ရေ အနည်းဆုံး ၃၀ ကျော်လောက် ပျောက်ဆုံးနေပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကျေးရွာဟာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီး နွားအကောင်ရေ ၃၀၀ ကျော် မွေးမြူထားကြတယ်လို့ သိရပါတယ်။