spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ ၁၀ နာရီကျော်ကြာ တောမီးလောင်မှုကြောင့် ဒေသခံတွေ စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှာ တောမီးစတင်လောင်ခဲ့ပြီး ညပိုင်းအထိ ၁၀ နာရီကျော်ကြာ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောမီးလောင်ချိန်မှာ လေတိုက်ပြင်းအားရှိတာကြောင့် ကျေးရွာအနီးအနားကို ကူးစက်ပြီး လူနေအိမ်ပါ မီးလောင်မှာကိုလည်း ဒေသခံတွေက စိုးရိမ်ခဲ့ရပါတယ်။ ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတာ ၃နှစ်ကျော်ရှိနေပြီး အိမ်ခြံဝန်းမှာ သစ်ပင် ခြုံနွယ်တွေထူထပ်နေတာကို သန့်ရှင်းရေးပြန်မလုပ်နိုင်သေးဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်တာကတော့ ၃နှစ်ကျော်လောက်ရှိပြီ အိမ်မပြန်ရတာလည်း ၃နှစ်ကျော်ပြီပေါ့နော။ အခုချိန်မှာလည်း နွေရာသီကာလဖြစ်တာကြောင့် ကိုယ့်ရဲ့မြို့ရွာအတွက်ကို စိုးရိမ်မှုရှိတယ် ဘာလို့လဲဆို တောမီးကနေ မီးလောင်မှာစိုးတဲ့အတွက်ပေါ့ မြို့ထဲထိ ရွာထဲထိကူးစက်မှာကို စိုးရိမ်တယ်။ နောက်တခု ပြန်ကြည့်ဖို့လည်း တပ် နဲ့နီးတဲ့အတွက်ကြောင့် ပြန်ဝင်လို့မရဘူး။” လို့ သူက ဆိုပါတယ်။

ဖရူဆိုမြို့အနီးမှာရှိတဲ့ ခမရ (၅၃၁) တပ်စခန်း တည်ရှိရာဖက်ကနေ မီးစတင်လောင်ခဲ့တာဖြစ်ပြီး ထီးကလူဒေါ၊ ဖရူဆိုမြို့ပတ်လမ်း၊ ဆိုလျားကူးကျေးရွာ အရှေ့ဘက်ခြမ်း စတဲ့ နေရာတွေမှာ တောမီးကူးစက်လောင်ခဲ့တာပါ။ ဖရူဆိုမြို့နယ် ကြားကာလအခေါ် (ကေးလျား) မြိုနယ်မှာတော့ ယခုနှစ် တောမီးမရှို့ဖို့ ဒေသခံအပြင် စစ်ဘေးရှောင်တွေကို တာဝန်ရှိသူတွေက အသိပေးထားတယ်လို့ သိရပါတယ်။

“ဒီဖက်မှာခါကျတော့ လုပ်အားပေးခေါ်ပြီးတော့မှ ရွာဘေးပတ်ဝန်းကျင်မှာ သန့်ရှင်းရေးလုပ်ခိုင်းထားတာရှိတယ်။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

နှစ်စဉ် နွေရာသီရောက်ရှိတိုင်း ဖရူဆိုမြို့နယ်မှာ တောမီးလောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း တောမီးကူးစက်ပြီး စာသင်ကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် တချို့ မီးလောင်ပျက်စီးတာရှိခဲ့ပါတယ်။

ကရင်နီပြည်က မြို့နယ်တချို့မှာတော့ နေရပ်ပြန်လည် နေထိုင်လို့မရတဲ့ မြို့ပေါ်ရပ်ကွက် ၊ ကျေးရွာတွေမှာ တောမီးအန္တရာယ်မှ ကာကွယ်ဖို့ မီးတားလမ်းကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတာရှိပါတယ်။

spot_img
spot_img
spot_img

Recent posts