Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းမှာ အမိုးအကာ နဲ့ သောက်သုံးရေ သိုလှောင်ဖို့ မိုးကာလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်တဲ့အတွက် နေရာထိုင်ခင်း နဲ့ သောက်သုံးရေ သိုလှောင်ဖို့ မိုးကာလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အမိုးအကာဆွေးမြေ့လာတာကြောင့် စစ်ရှောင်စခန်းအများစုမှာ မိုးကာလိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီ ဖရူဆိုအနောက်ဖက်ခြမ်းကို ကြည့်မယ်ဆိုရင် စခန်းတိုင်းလိုလိုက သွားလိုက်ပြီဆိုလို့ရှိရင် သူတို့ မိုးကာပဲ တောင်းတာပေါ့နော်။ မိုးကာပဲ လိုအပ်နေကြောင်းပဲ ပြောတယ်။ တချို့ကတော့ တစ်နှစ်ကို နှစ်ကြိမ်လောက် လဲရတဲ့အခြေအနေမျိုးလည်းရှိတယ်။ ပြီး‌တော့မှလည်း ဘယ်လိုမျိုးပြောရမလဲ ပေးတာလည်း မလုံလောက်ဘူးပေါ့နော်။ ဥပမာ- မိုးကာ ၁၈ ပတ်လည် နှစ်ထည်လောက်နဲ့ အိမ်တအိမ် မဖြစ်သွားဘူးလေနော်။ လိုအပ်တဲ့ဟာကျ ဖြည့်စွက်ပြီးဝယ်တာ အဲ့လိုမျိုးတွေပဲပေါ့။” လို့ သူက ပြောပါတယ်။

စစ်ရှောင်စခန်းက တဲအိမ်အများစုဟာ မခိုင်ခံ့တာကြောင့် ပြီးခဲ့တဲ့ မေလဒုတိယပတ်အတွင်းမှာ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ဝန်းကျင် ပျက်စီးသွားခဲ့ပါတယ်။ လာမယ့် မိုးရာသီကာလမှာ လေပြင်းတိုက်ခိုက်မှုဒဏ်၊ မိုးကြီးဒဏ်ကြောင့် တဲအိမ် ပျက်စီးမှာကို စစ်ရှောင်တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ရှောင်နေထိုင်ဖို့ တဲအိမ်အပြင် သောက်သုံးရေ သိုလှောင်ဖို့ မိုးကာလည်း လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက အခုလို ပြောပါတယ်။

“အထူးသဖြင့် ရေကန်က စစ်ရှောင်ကတည်းက အဲ့တစ်ထည်ပဲ ။ ရေကန် အတွက် တအားလိုအပ်တယ်တဲ့။ တအိမ်တစ်ထည်လောက်ပေါ့နော်။ ဖြစ်နိုင်မယ်ဆိုရင် ရေကန်အတွက်လည်း ပိုလိုချင်တယ် သူတို့ အဲ့လိုပြောလာတာရှိတယ်။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆိုပါတယ်။

၁၈ပေပတ်လည် မိုးကာတစ်ထည်ကို ကျပ်ငွေ ၅သောင်း ပေးဝယ်ရတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ နေအိမ် ၂၀၀ ကျော်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်အတွက် လိုအပ်တဲ့မိုးကာတွေ ရရှိပြီးပြီဖြစ်ပေမဲ့ ဆွေးမြေ့သွားတဲ့ မိုးကာအတွက်လည်း မိုးရွာချိန် မိုးယိုတာကြောင့် အသစ်တွေလဲလည်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts