spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ဖက်ခြမ်းရှိ ကျေးရွာတွေမှာ ကလေးတွေအတွက် ဗုံပုလွေသင်တန်းကို ပို့ချသင်ကြားပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ကျောင်းနေအရွယ် ကလေးသူငယ်၊ ဆယ်ကျော်သက်အရွယ်အတွက် ရည်ရွယ်ပြီး ဗုံပုလွေသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သင်တန်းဆရာအန်ထော်နီက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ကလေးတွေကို အားတဲ့အချိန်လေးမှာ သူတို့တခြား ပညာလည်းရအောင်ပေါ့။ တကယ်တမ်း နိုင်ငံခြားမှာဆို ဘာသာရပ်တစ်ခုအနေနဲ့ထားပြီး သူများသင်ပေးတယ်၊ ဆိုတော့ ဒီမှာကျတော့ အဲ့လောက်ထိ သူတို့ ကျောင်းမှာ သေသေချာချာလည်း မသင်ပေးနိုင်တဲ့ခါကျတော့ ကလေးအတွက်လည်း တစ်ခုလိုအပ်တာပေါ့။”လို့ သူက ပြောပါတယ်။

ဗုံပုလွေသင်တန်းကို တိုက်နယ်ဘုန်းတော်ကြီးရဲ့ညွှန်ကြားမှုနဲ့ ဟိုယာတိုက်နယ်အတွင်းရှိ ကျေးရွာ (၁၂) ရွာမှာ ဖွင့်လှစ်ပြီး အလှည့်ကျ သွားရောက်သင်ကြားပေးလျက်ရှိပါတယ်။ သင်တန်းမှာတော့ ကလေးတွေ တစ်စုတစ်စည်းထဲ စုပေါင်းနေထိုင်တက်ဖို့၊ မြူးဇစ်အခြေခံရစေဖို့ ၊ ပုလွေမှုတ်တတ်စေဖို့ ၊ အမိန့်နာခံမှုရှိစေဖို့အတွက် သင်ကြားပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းသင်ကြားပေးဖို့ လမ်းခရီးဝေးပြီး ကုန်ကျစရိတ် အခက်ခဲရှိတာကြောင့် ကျေးရွာအတွင်းက မိဘတွေရဲ့ကူညီထောက်ပံ့မှုတွေနဲ့ သင်တန်းကို သင်ကြားပေးနေတယ်လို့ သင်တန်းဆရာအန်ထော်နီက ဆက်ပြောပါတယ်။

“သွားလာဖို့ဆို ဆီဈေးနှုန်းကလည်း အခုဆို တော်တော်ပြန်ထိုးတက်လာတယ် ဆီဖိုးကတော့ စိန်ခေါ်မှုရှိတယ်။”လို့ ဆရာအန်ထော်နီက ဆက်ပြောပါတယ်။

ကလေးတွေ ကျောင်းပိတ်အားလပ်ချိန်မှာ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်အောင်၊ သူငယ်ချင်းတွေနဲ့လည်း ပိုမိုရင်းနှီးလာအောင် သင်တန်းကို တက်ရောက်ခိုင်းတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“သူလည်းဝါသနာပါလို့ တက်စေချင်တယ်။ မိဘဖြစ်တဲ့သူလည်း သူ့ကိုတတ်ခိုင်းစေချင်လို့ ။ နောင်တစ်ချိန်မှာလည်း သူ့အတွက် အကျိုးအမြတ်ဖြစ်အောင်ဆိုပြီးမှ ကိုယ့်နေရာဒေသပြန်ရောက်တဲ့ချိန်မှာ တစ်ထောင့်တစ်နေရာအားကိုးရတဲ့ သမီးဖြစ်အောင်ဆိုပြီး သူ့ကို တက်ခိုင်းတယ်။”လို့ မိဘတစ်ဦးက ပြောပါတယ်။

အဆိုပါ ဖွင့်လှစ်နေတဲ့ သင်တန်းမှာတော့ အသက် ၇ နှစ်မှ ၁၅နှစ် အရွယ်တွေကိုခေါ်ယူပြီး ယခု ဇန်နဝါရီလကစပြီး ကျောင်းဆင်းချိန် နဲ့ ကျောင်းပိတ်ရက်တွေမှာ သင်ကြားပေးနေတာပါ။ ၃လတာ သင်တန်းကာလပြီးဆုံးသွားရင်တော့ ဗုံပုလွေပြိုင်ပွဲ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts