spot_imgspot_imgspot_imgspot_img
Friday, July 5, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ဘက်ခြမ်းမှာ ဒီကနေ့မနက်စောပိုင်း ဗုံးကျဲခံရပြီး ဒေသခံတစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ဒီကနေ့ ဇွန်လ ၂၃ရက်နေ့ မနက်စော ၄နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ကျေးရွာနှစ်ရွာကို လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

“နေအိမ်တော့ လေးလုံးလောက်ပျက်စီးတယ်။ ပြည်သူတစ်ဦးသေတယ် နှစ်ဦးဒဏ်ရာရတယ်ပြောတာပဲ။ ဒီမနက်တော့ ကျနော်တို့ အရှေ့ကနေ ကြားတာတော့ မနက် ၄နာရီဝန်းကျင်မှာ။ ကျနော်တို့ ဒီကနေဆိုရင်တော့ တော်တော်လေး အကျယ်ကြီးကြားရပါတယ် နှစ်ကြိမ်တောင်မှ။ အဲ့ဒီရွာက ပထမကျဲတဲ့ရက်က သူတို့ရွာနဲ့တော်တော်အလှမ်းဝေးခါကျတော့ သူတို့ရွာက မထင်မှတ်ဘဲ ဒီမနက် လာကျဲခံရတော့ မရှောင်လိုက်မိဘူးလို့ထင်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ကျေးရွာနှစ်ရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တစ်ရွာမှာ ဇွန်လ ၂၁ရက်နေ့ ညသန်းခေါင်းယံအချိန်မှာ ဗုံးကျဲတိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟောင်းဖြစ်တယ်လို့ သိရပါတယ်။

ထပ်မံကျဲခံရတဲ့ ကျေးရွာက ဒေသခံတွေဟာ ပထမရက်က ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် တောတောင်ထဲ သွားရောက်နေထိုင်ကြသူတစ်ချို့လည်း ရှိပေမယ့် ရွာမှာကျန်ရစ်ခဲ့သူလည်းရှိတယ်လို့ သိရပါတယ်။ ဗုံးကျဲခံရတဲ့ကျေးရွာတွေမှာ စစ်ရှောင်ပြည်သူတွေလည်း ရှိပြီး အခုလို ဗုံးကျဲခံရတာကြောင့် ထပ်မံစစ်ရှောင်နေကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ကြတာမဟုတ်ဘဲ လေကြောင်းရန်ကို ကြောက်ကြတဲ့အတွက် တောတောင်ထဲ ကြိုတင်တိမ်းရှောင်နေကြသူတွေ ရှိနေသလို ရွာမှာ ကျန်ရစ်တွေအနေနဲ့ ဗုံးခိုကျင်းတူးထားဖို့ လိုအပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့လည်း တိုက်ပွဲမရှိတဲ့နေရာခါကျတော့ ပုံမှန်လုပ်နေကျခါဆိုတော့ သူတို့လည်း မထင်မှတ်ဘဲ ကျဲခံရတော့ မပြောတတ်တော့ပါဘူး။ သူတို့အရင်ကလည်း ရှောင်ဖို့နေရာက တောထဲမှာပြင်ထားတာရှိတယ်။ ဒါပေမယ့် တိုက်ပွဲမရှိဘူးဆိုပြီးတော့ သူတို့ တချို့တွေက ပစ္စည်းတွေပြန်သိမ်းလာတယ်။ ဒီလိုဖြစ်တော့ တစ်ခါပြန်ရှောင်နေရတာပဲလေ။ သူတို့ စကစ ဗုံးကျဲတာလည်းအချိန်ပုံမှန်မဟုတ်တော့ဘူး။ ပထမတစ်ရက်က ည ၁၂နာရီခွဲ သန်းခေါင်ယံကျဲတယ် ဒီမနက်ခါကျတော့ မနက် ၄နာရီဝန်းကျင်လောက် တစ်ခါပြန်ကျဲတော့ သူတို့မထင်မှတ်ဘဲ ကျဲခံထိတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်မှု ၃ကြိမ်ရှိနေပြီလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts