ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ဒေသခံနဲ့ စစ်ဘေးရှောင်တွေ ပူးပေါင်းပြီး ကယားရိုးရာ (တောလိုက်ခြင်း) ကို ဧပြီလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“မနေ့က တောလိုက်တာပေါ့၊ ဝက်တစ်ကောင်နဲ့ ဂျီတစ်ကောင်ရတယ်၊ ဒီနေ့လည်း ထပ်လိုက်တာပေါ့နော” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အခုလို ကယားရိုးရာ တောလိုက်ခြင်းကို ပြုလုပ်တဲ့အခါ တောကောင်ရလာတာဟာ တိုင်းပြည် အေးချမ်းတာ၊ ကျေးရွာအတွင်း အနာရောဂါ မကျရောက်တာ၊ ဆန် ရေ စပါး အထွက်တိုးတာ တွေဖြစ်မယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။
ကယားရိုးရာ တောလိုက်ခြင်း မပြုလုပ်ခင် မှာတော့ ရိုးရာအရ ကြက်ရိုးထိုးပြီး ကြက်ရိုးဗေဒင် မေးမြန်းတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
တောလိုက်နေစဉ်မှာလည်း ကျေးရွာအတွင်းကို သူစိမ်းဧည့်သည်တွေ ဖြတ်သန်းသွားလာမှုကို တားမြစ်တာ၊ ရေခပ်ဆင်းတာတွေ နဲ့ စပါးထောင်းတာတွေကိုလည်း တားမြစ်ထားကြတယ်လို့ ဆိုပါတယ်။
ဖရူဆို၊ အရှေ့ဘက်ခြမ်းက ကျေးရွာတိုင်းနီးပါးဟာ နှစ်စဥ် နှစ်တိုင်း နွေရာသီမှာ ရိုးရာတောလိုက်ခြင်း၊ ငှက်လိုက်ပွဲ၊ ငါးဖမ်းပွဲစတာတွေ ပြုလုပ်ကြပါတယ်။