spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့တွင်းမှာ ဓားစားခံအဖြစ်ထိန်းသိမ်းခံရတဲ့ ပြည်သူတချို့ ထွက်ပြေးလွတ်မြောက်လာကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဓားစာခံ အဖြစ် ထိန်းသိမ်းခံထားရတဲ့ ဖားဆောင်းမြို့ခံ ၁၈ ဦးဟာ ဒီကနေ့ (ဧပြီလ ၂၉ ရက်နေ့)မှာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။

ဖားဆောင်းမြို့တွင်း တိုက်ပွဲဖြစ်ပွားချိန်ကစပြီး ၃လ နီးပါး စစ်ကောင်စီရဲ့ ထိန်းသိမ်းမှု အောက်မှာရှိနေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ဒုက္ခလည်းရောက်တယ်ကော၊ သူတို့ကလည်း ခြိမ်းခြောက်တယ်။ ထွက်ရင်ပစ်သတ်မယ်တဲ့။ သတ်လည်းမထူးတော့ဘူးဆိုပြီးတော့ ဆင်းချလာလိုက်တာ။” လို့ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ ၁၈ ဦးထဲမှာ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ ထွက်ပြေးလွတ်မြောက်လာသူတွေကို တော်လှန်ရေးရဲဘော်များက လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးခဲ့တယ်လို့ လည်းသိရပါတယ်။

မြို့အတွင်း ပိတ်မိနေစဉ်မှာ အစာရေစာ ရှားပါးတာတွေကြုံတွေ့ခဲ့ရတယ်လို့လည်း ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

“မြို့ထဲမှာနေတုန်း ဆူးပုပ်ရွက်ခူးစားတယ်၊ ကင်မွန်းချဉ်ရွက်တွေခူးစားတယ်။ ပြီးဘေးအိမ်တွေမှာ နည်းနည်းပါးပါး ဟင်းချိုမုန့်တွေဘာတွေလိုက်ယူ ဆီတွေလိုက်ယူတယ်” လို့ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

ပိတ်မိနေစဉ်အတွင်း စစ်ကောင်စီဖက်မှ ထွက်မပြေးဖို့ ခြိမ်းခြောက်ပြောဆိုတာ ရှိတယ်လို့ ဖားဆောင်းမြို့တွင်းမှ ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။

“မင်းတို့ ထွက်ရဲထွက်ကြည့်ပေါ့ ဆင်းပေါ့။ မိုင်းတွေခင်းထားတယ် မင်းတို့အက်ပိုပါရင်ဆင်းပေါ့၊ အဲဒါပြောတယ်။” လို့ ထွက်ပြေးလွတ်မြောက်လာသူက ဆိုပါတယ်။

ပိတ်မိနေသူတွေဟာ ဖားဆောင်းမြို့တွင်း ကွက်သစ် ရပ်ကွက်အတွင်း ပိတ်မိနေကြတာဖြစ်ပါတယ်။ ယနေ့မှာ ၁၈ ဦး ထွက်ပြေးလွတ်မြောက်လာသော်လည်း ကျန်နေရစ်သူ ၁၀ ဦးဝန်းကျင်ရှိနေဆဲဖြစ်ပြီး အဲဒီအထဲမှာ မသန်စွမ်းသူတွေ လဲပါတယ်လို့လဲ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts