မူဖိလစ်စတာ / ကန္တာရဝတီတိုင်း (မ်)
ဖားဆောင်းမြို့နယ်က ကရင်နီပြည် မြို့တော်လွိုင်ကော်ရဲ့ မိုင် ၈၀ ခန့်အကွာမှာ တည်ရှိပါတယ်။ ဧရိယာစတုန်းမိုင် ၂၄၃ မိုင်ခန့်ကျယ်ဝန်းပြီး။ ကရင်နီပြည်ရဲ့တခုတည်းသော မော်ချီးခဲသတ္တုတွင်းကလည်း ဖားဆောင်းမြို့နယ်ထဲမှာ တည်ရှိပါတယ်။
မြောက်ပိုင်းကနေ တောင်ပိုင်းကိုစီးဆင်းလာတဲ့ သံလွင်မြစ်ကလည်း ဖားဆောင်းမြို့နယ်ကိုဖြတ်သန်းပြီး မော်လမြိုင်မုတ္တမကွေ့ကို စီးဝင်သွားတာပါ။
ဖားဆောင်းမြို့ရဲ့တောင်ဖက်မှာ ကရင်ပြည်နယ် ဖာပွန်မြို့နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေပြီး အရှေ့ဖက်မှာ ထိုင်း-ကရင်နီနယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့ မြို့တည်ရှိပါတယ်။ အနောက်ဖက်မှာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နဲ့ မြောက်ဖက်မှာ ဘောလခဲမြို့နယ် ရှိပါတယ်။ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ဖားဆောင်းမြို့မှာ လူဦးရေ ၂၃၀၀၀ ကျော်ရှိပါတယ်။
ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီအခြေစိုက် တပ်စခန်းတွေဖြစ်တဲ့ ခလရ ၁၃၄ ၊ ခလရ ၁၃၅ တပ် တို့ရှိပါတယ်။ ကရင်နီမှာ စစ်ကောင်စီရဲ့ အချက်အချာချတဲ့ အခြေစိုက်တပ်စခန်းတွေက လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့ တွေမှာ ရှိကြပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၄ ဖေဖော်ဝါရီ ၂၉ ရက်မတိုင်ခင်ထိ ဖားဆောင်းမြို့နယ်အတွင်း မြို့အဝင်နဲ့ ကျေးရွာအပြင်တွေမှာ စစ်ကောင်စီကင်းစခန်းတွေက ပြန့်ကျဲတည်ရှိနေတာပါ။
ဖားဆောင်းမြို့သိမ်းတိုက်ပွဲအစ
ဖားဆောင်းမြို့ပြင် ရတနာစျာန်အောင်စေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အင်အား ၁၀၀ ကျော်စီပါတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မနက် ၅ နာရီမှာ အလုံးအရင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO/ကြယ်ဖြူ) ၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ( KNPDP/ကယောနီ)၊ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်၊ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာပါ။
စေတီကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် မြို့တွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ မီးတပ်၊ ထွေအုပ်ရုံး၊ ရဲစခန်း၊ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးအင်အားစုက ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ ဌာနဆိုင်ရာရုံးတွေမှာ စစ်ကောင်စီတပ်သားတွေအပြင် ရဲတပ်သားတွေပါ အတူတပ်စွဲ နေရာယူကြတာပါ။
ထွေအုပ်ရုံးမှာ နေရာယူထားခဲ့တဲ့ ရဲတပ်သားနှစ်ဦးကတော့ တော်လှန်ရေးရဲဘော်ဆီ လက်နက်ချအလင်းဝင်လိုက်ပြီး ကျန်ရှိတဲ့ စစ်သား၊ ရဲတပ်သားတွေအားလုံးက ခလရ ၁၃၄ ၊၁၃၅ တပ်ထဲကို တပ်ဆုတ်လိုက်ကြပါတယ်။
အဲဒီနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့က တဦးကျဆုံးကာ စစ်ကောင်စီတပ်က ၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင် စစ်တိုက်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။ တော်လှန်ရေးတပ်ပေါင်းစုတို့က ကျည်မလုံလောက်မှုအခက်အခဲကြောင့် အဲနေ့မှာပဲ တိုက်ပွဲကိုရပ်နားခဲ့ရပြီး ဖားဆောင်းမြို့ကိုတော့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဖားဆောင်းမြို့သိမ်းတိုက်ပွဲအချိန်ကာလ ၈ လထဲဝင်လာပြီ
ခဲယမ်းမလုံလောက်မှုကြောင့် တရက်တည်းနဲ့ မြို့သိမ်းတိုက်ပွဲကို အရှိန်သတ်လိုက်ရတဲ့ ဖားဆောင်းစစ်ဆင်ရေးက ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့မှာ အသက်ပြန်ဝင်လာပါတယ်။
အဲဒီနေ့မှာ တော်လှန်ရေးအင်အားစုတွေက ဖားဆောင်းမြို့ထဲရှိ စစ်ကောင်စီအခြေစိုက် ခလရ ၁၃၄ ၊ ၁၃၅ တပ်စခန်းနှစ်ခုလုံးကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီနေ့မှာပဲ တော်လှန်ရေးတပ်ဖွဲ့က အဖွဲ့ဝင် ၄ ဦးကျဆုံးကာ စစ်ကောင်စီတပ်ဖွဲ့က ၄၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော် KA က ပြောပါတယ်။
ခံစစ်အခိုင်အမာပြင်ဆင်ထားတဲ့ ခလရ ၁၃၄ ၊ ၁၃၅ တပ်စခန်းကို ၈ လ ကြာမြင့်လာတဲ့ လက်ရှိအချိန်ထိ သိမ်းယူလို့ မရသေးပါဘူး။
၈ လ တာကာလအတွင်းမှာ စစ်ကောင်စီတပ်က ဖားဆောင်းမြို့ထဲကို နှစ်ကြိမ်ထက်မနည်း အင်အားဖြည့်ခဲ့ပေမဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဖြတ်တိုက်မှုကြောင့် စစ်ကြောင်းက အခြေစိုက်တပ်ထဲ မရောက်နိုင်ခဲ့ပါဘူး။
ကြားဖြတ်တိုက်ခိုက်တာအပြင် ကျေးရွာအပြင်မှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၆၀ကျော် သေဆုံးပြီး စစ်ကောင်စီရဲ့ ဗျူဟာမှူး၊ စစ်ကြောင်းမှူး အပါအဝင် တပ်သား ၅၆ ဦးကို အရှင်ဖမ်းမိနိုင်ခဲ့ပါတယ်။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က (၆)ဦး ဒဏ်ရာရတယ်လို့ ပူးပေါင်းတပ်ဖွဲ့ က ပြောပါတယ်။
ဖားဆောင်းမြို့တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိတဲ့စစ်ကောင်စီရဲ့ ကင်းစခန်းတွေ နဲ့ သိမ်းလို့မရသေးတဲ့ အထိုင်စခန်းများ
ဖားဆောင်းတိုက်ပွဲနောက်ပိုင်း ဖားဆောင်းမြို့နယ်အတွင်းရှိ စေတီကုန်း ( ပါပု )၊ စေတီကုန်း (၂ ) ၊ ရဲစခန်းတံတား၊ စစ်ဆေးရေးဂိတ် ၂ ခု၊ မြို့နယ်ခန်းမ ၊ ထီးထာ၊ မော်ချီးစစ်ဆေးရေးဂိတ်၊ မော်ချီးကုန်းစခန်း စုစုပေါင်း ၉ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားဆဲပါ။
ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီခြေစိုက်စခန်း ခလရ ၁၃၄ ၊ ၁၃၅ နှစ်ခုကိုတော့ ထိုးဖောက်ဖို့ ခက်ခဲနေသေးတယ်လို့ တပ်ပေါင်းစုတွေက ပြောပါတယ်။
ခလရ ၁၃၄ တပ်က အရှည် ၇၂၄ မီတာ၊ အကျယ် ၃၀၆ မီတာ ရှိပါတယ်။ ဖားဆောင်းမြို့ တောင်ပေါ်ရပ်ကွက်မှာ တည်ရှိပြီး ၎င်းရဲ့ကာကင်း ၄ ခုရှိပါတယ်။ တပ်စခန်းထဲမှာတော့ အင်အား ၁၀၀ ကျော်ရှိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကခန့်မှန်းထားပါတယ်။ ကာကင်းတွေကို တော်လှန်ရေးအင်အားစုတွေက အကုန်သိမ်းပိုက်ရရှိထားပါပြီ။
ခလရ ၁၃၅ တပ်က အရှည် ၇၅၃ မီတာ၊ အကျယ် ၃၆၀ မီတာ ခန့်ရှိပါတယ်။ တည်နေရာအားဖြင့်တော့ ဖားဆောင်းမြို့တွင်းမှာရှိပြီး တပ်စခန်းထဲမှာ အင်အား ၁၀၀ ကျော်ရှိတယ်လို့လည်း KNDF က ခန့်မှန်းထားပါတယ်။ ခလ၇ ၁၃၅ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီ ကာကင်းတခုကို မေလ ၁၃ ရက်နေ့မှာ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိထားပါတယ်။
ခလရ ၁၃၄ က ၁၃၅ ရဲ့ အရှေ့မြောက်အရပ်မှာတည်ရှိပြီး တပ်နှစ်ခုအကြား မီတာ ၁၀၀၀ ခန့် အကွာရှိပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်သားတွေက တပ်တွင်းမှာ ခံစစ်အနေအထားနဲ့သာ အခိုင်အမာရှိနေပါတယ်။
အခြေစိုက်တပ်တွေကို ဘာလို့မသိမ်းနိုင်တာလဲ
ခလရ ၁၃၄ တပ်ကို ဝင်တိုက်တဲ့ မေလ ၈ရက်နေ့မှာ စခန်းတလျှောက်ရှိ အိမ်ယာတွေအကုန်လုံးကို တော်လှန်ရေးအင်အားစုတွေ ဖောက်ဝင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တပ်ထဲရှိတဲ့ အကြီးကဲ နေထိုင်ရာအိမ်ကို ဝင်တိုက်ဖို့လုပ်ချိန်မှာတော့ စစ်ကောင်စီရဲ့ တန်ပြန်ပစ်ခတ်မှုကြောင့် မထိုးဖောက်နိုင်ခဲ့ပါဘူး။
“အဲ့ခြံစည်းရိုးနားမှာ အရင်ဆုံးတရက်ဆို ရောက်ပြီ။ အဲမှာ လက်နက်ကြီးတွေနဲ့ ထိကုန်တော့ ပြန်ဆုတ်။ ပြီးတော့လေယာဥ်လာကြဲ။ ပြန်ဆုတ်ရတယ်လေးနော။ ကာဗာ(cover) အဲလောက်မကောင်းဘူးလေး။ အဲ့တောင်ပေါ်ရွာက အိမ်တွေရှိပေမဲ့ နှစ်ထပ်တိုက်က အဲလောက်မရှိဘူး” လို့ ပါဝင်စစ်တိုက်ခဲ့တဲ့ ရဲဘော်တဦးက ပြောပြပါတယ်။
အဲ့ဒီအိမ်ခြံစည်းရိုးနား အပြန်အလှန် ပစ်ခတ်ကြတဲ့အချိန်မှာ စစ်ကောင်စီဖက်က လေယာဥ်ပစ်ကူတွေကို တရစပ် သုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“ခေါင်းဆိုပွင့်သွားသလိုပဲ ‘ဝုန်း’ ဘာမှ မသိတော့ဘူး။ ခေါင်းတွေ၊ နားတွေ၊ မျက်လုံးတွေ အကုန်လုံး ပွင့်ကုန်သလိုပဲ။” လို့အဖြစ်ပျက်ကို ပြန်ပြောင်းပြောပြပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီအခြေစိုက်တပ်စခန်း ၂ ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝန်းရံပိတ်ဆို့ထားဆဲဖြစ်ပြီး၊ နှစ်ဖက်ထိတွေ့တိုက်ပွဲတော့ မရှိသေးဘူးလို့ ဖားဆောင်းစစ်ဆင်ရေး မှာပါဝင်တိုက်ခိုက်နေတဲ့ KNPDP(ကယောနီ) ရဲ့ ရင်းမှူး က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
ပူးပေါင်းတပ်တွေက တိုက်ပွဲကာလတလျှောက်မှာ ခဲယမ်း မလုံလောက်မှုကြောင့် တိုက်တခါ ၊ ရပ်တလှည့် လုပ်နေရတယ်လို့ ဆိုပါတယ်။
ဖားဆောင်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ် ရှစ်ဖွဲ့က စုပေါင်းတိုက်ခိုက်နေကြတာပါ။ တဖက်မှာလည်း လက်နက်ခဲယမ်းလိုအပ်ချက်ကြောင့် စစ်ဆင်ရေးတွေ မထိရောက်တာတွေရှိနိုင်ပေမဲ့ စစ်မြေပြင်မှာ တိုက်ခိုက်တဲ့အခါ အမိန့်စီးဆင်းမှု နဲ့ အမိန့်နာခံမှုက အရေးကြီးတယ်လို့ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ အမည်မဖော်လိုသူ ရဲဘော်တဦးကပြောပါတယ်။
“အဓိကက ဗျူဟာကျဖို့နဲ့ ဗျူဟာကို လိုက်နာဖို့အဓိက။ လက်နက်ကျည်ဆံက အရေးကြီးလား၊ လူကအရေး ကြီးလားပေါ့။ ညွှန်ကြားချက်အမိန့်တခုရဲ့ အောက်မှာ ဗျူဟာကျကျသွားခဲ့တဲ့ မယ့်စလောင်းတောင် စခန်းသိမ်းပွဲနဲ့ ထူးချောင်းစခန်းသိမ်းပွဲက ဥပမာပဲ။ အထိအခိုက်နည်းတယ်။ ကျည်ဆံတွေ ကုန်ကျသက်သာတယ်။ အဲ့ထက်သာညွှန်ကြားချက်အတိုင်း လိုက်နာခဲ့ကြရင် ရန်သူကို အရှင်အများကြီးမိပြီး ခဲယမ်းတွေလည်းအများ ကြီးရနိုင်တယ်” လို့ ပြောပါတယ်။
ကရင်နီပြည် လွိုင်ကော်မြို့သိမ်းတိုက်ပွဲ တစ်လေးလုံးစစ်ဆင်ရေးကလည်း ခဲယမ်းလိုအပ်ချက်ကြောင့် စစ်ဆင်ရေးမအောင်မြင်ခဲ့ပါဘူး။
ဖားဆောင်းဒေသခံလူထုများ
ဖားဆောင်းမြို့နယ်မှာ ကျေးရွာပေါင်း ၅၆ ရွာရှိပြီး မြို့ပေါ်ရပ်ကွက် ၂ခုရှိပါတယ်။ ဒေသခံလူထုတွေက ခဲသတ္တုတူးဖော်ရေးလုပ်ငန်း၊ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။
ကရင်လူမျိုး အများဆုံးနေထိုင်ကြပြီး တခြားတိုင်းရင်းသား လူမျိုးစုတွေဖြစ်တဲ့ ဗမာ၊ ရှမ်း၊ ကယား၊ ရခိုင်၊ မွန်၊ ချင်း၊ ကချင် တို့ ကလည်း မော်ချီးသတ္တုတွင်းလုပ်ငန်းကြောင့် လာရောက်နေထိုင်သူ အနည်းစု ရှိနေကြပါတယ်။ ဖားဆောင်းမြို့နယ်မှာရှိတဲ့ မော်ချီးခဲသတ္တုတွင်းမှာ ခဲတူးဖော်ရေး လုပ်ကိုင်ကြရင်း အခြေချနေထိုင်ကြသူတွေလည်း ရှိလာတာပါ။
လက်ရှိအချိန်ထိ ခဲသတ္တူတူးဖော်ရေးလုပ်ငန်းကတော့ လည်ပတ်နေဆဲပါ။ ဖားဆောင်းမြို့ပေါ် ရပ်ကွက်တွေမှာတော့ ဒေသခံတွေ ရာနှုန်းပြည့် စစ်ဘေးတိမ်းရှောင်နေကြပြီ ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲအတွင်း မြို့ပေါ်ဒေသခံနဲ့ ခလရ ၁၃၄ အနီးရှိ တောင်ပေါ်ကျေးရွာက ဒေသခံပေါင်း ၄၀၀ ကျော် ပိတ်မိနေခဲ့ပြီး စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားခဲ့ရပါသေးတယ်။
ပိတ်မိနေတဲ့ ဒေသခံတွေကို မတ်လ နဲ့ ဧပြီလ တို့မှာ တော်လှန်ရေးအင်အားစုတွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဖားဆောင်းမြို့နယ်ထဲက နန်းကစ် ၊ ပါပုကျေးရွာက ဒေသခံတွေလည်း မြို့သိမ်းတိုက်ပွဲ မစခင်တည်းကပင် နီးစပ်ရာ တောတောင်တွေမှာတိမ်းရှောင်နေကြရတာပါ။
နန်းကစ်ကျေးရွာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တုန်းက စစ်ကောင်စီလေကြောင်းဗုံးကြဲခဲ့ပြီး ဒေသခံ ၄ ဦးသေဆုံးခဲ့သလို လက်နက်ကြီးကြောင့် တဦးသေဆုံးမှု ရှိခဲ့ပါတယ်။ ဖားဆောင်း ဒေသခံတွေက လက်ရှိမှာတော့ နီးစပ်ရာ တောတောင်တွေမှာတိမ်းရှောင်သူရှိသလို ထိုင်း-ကရင်နီနယ်စပ်မှာ တိမ်းရှောင်နေသူလည်း ရှိပါတယ်။
“အိမ်တွေကတော့ ပျက်တဲ့ဟာပျက်တယ်။ မြို့ရဲ့တဝက်နီးပါးက အိမ်တွေက ပျက်ကုန်ပြီလေး။ မြို့ထဲပြန်ဝင်လို့လည်းမရဘူး။ အခု update (လက်ရှိ) အခြေနေကိုလည်း မသိတော့ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲကြောင့် ကုန်စည်စီးဆင်းမှုလမ်းကြောင်း ခက်ခဲလာပြီးနောက် ကုန်စျေးနှုန်းကလည်း ကရင်နီပြည်ရဲ့ တခြားဒေသတွေရဲ့ ၃ဆ မြှင့်တက်နေတာပါ။ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ကြက်ဥတလုံး ၁၀၀၀ ကျပ်နဲ့အထက်မှာ ရှိနေပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းက မြှင့်တက်နေဆဲဖြစ်ပါတယ်။