ဘိုထီး( ငွေတောင်ပြည်)ရေးသားသည်။
၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို ရောက်ရှိတဲ့အခါ ဗိုလ်ချုပ်က ကချင်ပြည်သည် ဗမာပြည်မနှင့် တပြိုင်တည်း လွတ်လပ်ရေး ရယူလိုခြင်းသည် အင်မတန်မှ ဝမ်းမြောက်ဂုတ်ယူကြောင်း ကချင်ပြည်နယ်အနေနှင့် ဗမာပြည်မနှင့် တန်းတူရည်တူ ပြည်ထောင်စု တည်ဆောက်သွားပါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ လွိုင်ကော်မြို့၊ ဓမ္မာရုံမှာ ကျင်းပပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ ဗိုလ်ချုပ်အောင်ဆန်းရောက်ရှိလာသည်။ ဗိုလ်ချုပ်က အင်္ဂလိပ်ပေးထားသော ကရင်နီပြည် လွတ်လပ်ရေးသည် ပြည့်ဝသော လွတ်လပ်ရေးဟု မဆိုနိုင်ကြောင်း၊ ဗမာပြည်ရရှိမည့် လွတ်လပ်ရေးသည် အပြည့်အဝ လွတ်လပ်ရေး ရရှိမည်ဖြစ်ကြောင်း ပြောသည်။
ကရင်နီပြည်အနေနဲ့ ဖွဲ့စည်းမည့် ပြည်ထောင်စု ဗမာနိုင်ငံတွင် ပြည်နယ်တစ်ခုအဖြစ်ပါဝင်ပါက ကရင်နီပြည်သည် ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့် အဝ ရရှိစေမည်ဖြစ်ပြီး ကရင်နီပြည်တွင်းရေးကို ဗမာက လုံးဝဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း၊ ကရင်နီပြည်အရေးကို ကရင်နီပြည်သူပြည်သားများကသာ တိုင်ရိုက်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရရှိစေမည့်ဖြစ်ကြောင်း ပြောကြားသွားသည်။
၁၉၄ရ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တိုုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တွေက ဖွဲစည်းပုံရေးဆွဲတဲ့အခါမှာ ထားရှိရမည့် အခြေခံမူ ၄ ချက်နှင့် လမ်းညွှန်ချက် ရ ချက်ကို တညီတညွတ်တည်း သဘောတူနိုင်ခဲ့ကြသည်။
အခြေခံမူ (၄)ချက်ကတော့
(၁) လွတ်လပ်သောနိုင်ငံဖြစ်ရမည်
(၂) အချုပ်အခြာအာဏာပိုင်ရမည်
(၃) ဒီမိုကရေစီ သမ္မတနိုင်ငံဖြစ်ရမည်
(၄) ပြည်ထောင်စုနိုင်ငံဖြစ်ရမည် တို့ဖြစ်ကြသည်။
လမ်းညွန်ချက် (၇) ချက်ကတော့
၁။ နိုင်ငံတော်ဖွဲစည်းပုံအခြေခံဥပဒေသည် ၊ မြန်မာပြည်ထောင်စုနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥအဒေဖြစ်စေရမည်။
၂။ ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟု သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာရှိစေရမည်။
၃။ ပြည်ထောင်စု နိုင်ငံတော်၏ လွတ်လပ်သောသမ္မတ ဗမာနိုင်ငံနှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အားလုံး၏ အခွင့်အာဏာ ဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်ရမည်။
၄။ ပြည်ထောင်စုနို်င်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း တရားမျှတမှုရှိစေလျှက် အဆင့်အတန်း အခွင့်အရေး ဥပဒေသက်ရောက်မှုတို့တွင် နှိမ့် မြင့်မရှိ ပကတိတူညီစေရမည့်အပြင် တရားဥပဒေနှင့် သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့် ရရှိစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ်ထားရှိစေရမည်။
၅။ ဤအခြေခံဥပဒေတွင် လူနည်းစုအတွက် လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားရှိစေရမည်။
၆။ လွတ်လပ်သောအချုပ်အခြာအာဏာ သမ္မတဗမာနိုင်ငံ၏ နယ်မြေတို့ တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေတို့ကို် အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့် ကိုလည်းကောင်း ၊ တရားဓမ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိမည်။
၇။ ရာဇဝင်တွင် ထင်ရှားခဲ့သော ဤဗမာနိုင်ငံတော်သည် ကမာ္ဘတွင် မိမိဂုဏ်ကျက်သရေနှင့် လျှော်စွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာပြည့်ဝစေရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေခံပြီး ကမာ္ဘ့ငြိမ်းချမ်းရေးရှေးရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဌာန်ဖြင့် စောင့်ထိန်းအံ့ စသည်ဖြင့် ပါရှိသည်။
တိုင်းပြု ပြည်ပြုလွှတ်တော် ပထမညီလာခံမှာပဲ ဗိုလ်ချုပ်က တောင်တန်းဒေသတိုင်းရင်းသားလူမျိုးများ စိုးရိမ်စရာအလျဉ်းမရှိပါနှင့် ကျွန်တော်တို့ ပေးထားသော ကတိ နားလည်ပြီးသား သဘောတူညီချက်များကို နယ်ချဲ့သမားလို ဖောက်ဖျက်ခြင်းမလုပ်ပါဘူး။
ဒီလိုပေးထားသော ကတိ နားလည်ပြီးသား သဘောတူညီချက်များအပေါ် သံသယမရှိပါနဲ့၊ ကျွန်တော်တို့ ဗမာလူမျိုးဖြစ်တဲ့ လူတွေဟာ ခင်ဗျားသဘောမတူနိုင်တဲ့ အခြေအနေမျိုးကို လက်တစ်လုံးခြား လိမ်လည်တဲ့ နည်းနဲ့ လုပ်မှာမဟုတ်ဘူးဆိုတာ အတိအလင်း နားလည်စေချင်ပါတယ် စသည့်ဖြင့် ကတိပေးမှာကြားသွားသည။်
၁၉၄ရ ခုနှစ် ပင်လုံကတိကဝတ်များ အစဉ်ထာဝရ ရှင်သန်ခိုင်မြဲပါစေ။