မူအက်စတာ ရေးသားသည်။
သီးနှံဈေးကွက် အာမခံချက်မရှိနိုင်သေးသရွေ့ ဘိန်းခင်းတွေရှိနေအုန်းမှာပါ။
ကယားပြည်နယ်အတွင်းမှာရှိတဲ့ ပြည်နယ်အစွန်အဖျားရွာလေးတွေမှာ မူးယစ်ဆေးဝါးပင်တွေ စိုက်ပျိုးထားရှိပါတယ်။
၎င်းတို့တွေက နေ့စဉ်မိသားစုစားဝတ်နေရေးအတွက် စိုက်ပျိုးထားရှိရခြင်း ဖြစ်ပါတယ်။ ပြည်နယ်အစွန်အဖျားရွာလေးတွေကတော့ ကယား(ကရင်နီ)ပြည်နယ်နဲ့ နီးစပ်တဲ့ ကရင်ပြည်နယ်အစွန်အဖျား၊ ရှမ်းပြည်နယ်အစွန်အဖျားရွာလေးတွေမှာ စိုက်ပျိုးထားရှိထားပါတယ်။
ကယားပြည်နယ်တွင်းမှာရှိတဲ့ ကျေးရွာလေးတွေမှာ ဘိန်းမျိုးစေ့ရောက်ရှိလာတာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ လောက်ကတည်းက ရောက်ရှိလာတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဘယ်ကနေလာပြီး ဘယ်လိုရောက်လာတာလဲဆိုတာတော့ မသေချာတော့ပါဘူး။ ကယား(ကရင်နီ)ပြည်နယ်နဲ့ ထိစပ်တဲ့ ရွာလေးတွေမှာ ပျံ့နှံ့နေခဲ့ပါတယ်။ ၎င်းမူးယစ်ဆေးပင်တွေဟာ အခုချိန်ထိရှိနေတုန်းပါပဲ။ ဌာနဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေက နှစ်စဉ်နှစ်တိုင်း သွားရောက်ဖျက်ဆီးခဲ့ပေမယ့် ရှိနေဆဲပါပဲ။
နှစ်တစ်နှစ်ရဲ့ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းဝင်ပြီဆိုတာနဲ့ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ စုပေါင်းပြီး ဘိန်းခင်းရှိတဲ့နေရာတွေကို လိုက်လံရှင်းလင်းခဲ့ကြရပါတယ်။ နှစ်တိုင်းလိုလိုဖျက်ဆီးနေပေမယ့် နှစ်တိုင်းလိုလိုပဲ စိုက်ပျိုးနေကြပါသေးတယ်။
သူတို့တွေ ဘာကြောင့်နှစ်တိုင်းလိုလို ဘိန်းပင်တွေ စိုက်ပျိုးနေရတာလဲ၊ အဲ့ဒေသဖက်မှာ စိုက်ပျိုးစရာသီးနှံက ဒီဘိန်းပင်တွေပဲရှိတာလား။
အဲ့လိုမဟုတ်ပါဘူး။ အခြားစိုက်ပျိုးစရာသီးနှံတွေ တပုံတပင်ကြီးရှိပါတယ်။
သို့ပေမယ့် သူတို့စိုက်ပျိုးမယ့်သီးနှံကို ဘယ်သူတွေက သူတို့ဒေသတွေအထိ လာပြီးဝယ်ယူပေးမှာလဲ ၊ ဘိန်းစိုက်ပျိုးတဲ့ဒေသတွေကလည်း နယ်စွန်နယ်ဖျား၊ တောကြိုတောင်ကြား၊ လမ်းပမ်းဆက်သွယ်ရေးသိပ်ပြီး အဆင်မပြေသေးတဲ့ ရွာလေးတွေဖြစ်နေတယ်။ သို့ပေမယ့် သူတို့တွေ ဘာကြောင့် ဘိန်းတွေ စိုက်ပျိုးနေတာလဲဆိုရင် အဖြေရှာကြည့်မယ်ဆိုရင် ဘိန်းတွေက တစ်ပိဿာကို သိန်းချီပြီးရတယ်၊ လမ်းပမ်းဆက်သွယ်ရေးမကောင်းရင်လည်း ဝယ်သူတွေက အိမ်တိုင်ရာရောက် လာပြီးဝယ်ယူကြတယ်။ တစ်ချို့ဝယ်သူတွေက စိုက်ခင်းတွေထိလာဝယ်ကြတယ်လို့ ဆိုပါတယ်။
မြို့ပေါ်ထိတက်ပြီး ဝယ်သူတွေကို ရှာစရာမလိုပဲ ဝယ်သူတွေက ကိုယ့်အိမ်ထိအရောက်လာဝယ်ကြတယ်။ ဈေးမကြိုက်ရင် မရောင်းရုံ။ ဆက်သိမ်းထားပြီး ငွေလိုချိန်မှသာ ထုတ်ရောင်းကြလို့ရတယ်။
အခြားသီးနှံစိုက်မယ်ဆိုရင် အရင်းအနှီးလိုမယ်၊ မျိုးကောင်းမျိုးသန့်တွေကို မြို့ပေါ်ရှိ စိုက်ပျိုးရေးဌာနဘဏ်တွေမှာ သွားရှာရမယ်။ နည်းမှန် စနစ်မှန် စိုက်ပျိုးရမယ်၊ သီးနှံပြန်ရိတ်သိမ်းရတဲ့အချိန်မှာဆိုရင်လည်း လူအင်အားပိုကုန်မယ်၊ ရိတ်သိမ်းပြီး သီးနှံရောင်းချဖို့ ဈေးကွက်က တိတိကျကျမရှိ၊ ဈေးကွက်ရှာနေရသေး။
ဝယ်သူမရှိရင် ရှုံးပြီ။ စိုက်ပျိုးစရိတ်ချေးငွေကိုလည်း အချိန်တန်ရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်ဆပ်ရမယ်။ အဓိက သက်ဆိုင်ရာတွေက တိကျသေချာပြီး ခိုင်မာတဲ့ ဈေးကွက်ကို မဖော်ဆောင်ပေးနိုင်ကြသေးတဲ့ အတွက်ကြောင့်ပဲ ဖြစ်မှာပါ။
“ကျွန်တော်တို့ ဒီဘိန်းကိုစိုက်နေရလို့ ချမ်းသာဖို့မပြောနဲ့ ထမင်းမငတ်တော့ မငတ်ဘူး ဒါပေမယ့် မစိုက်တဲ့ တောင်သူတွေကျလည်း အကြွေးတွေနဲ့ ပတ်လည်ဝိုင်းနေတဲ့ မိသားစုတွေလည်း ရှိပါတယ်” လို့ ဒီးမော့ဆိုမြို့နယ်တွင်းမှာရှိတဲ့ ဘိန်းစိုက်တောင်သူဦးကြီးတစ်ယောက်က ပြောဖူးပါတယ်။
ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် လမ်းပမ်းဆက်သွယ်ရေးမကောင်းတဲ့ ဒေသတွေမှာဆိုရင် စီးပွားရေးသမားတွေကလည်း စိုက်ပျိုးသီးနှံတွေကို တကူးတက လာပြီးဝယ်လေ့မရှိသလို တောင်သူတွေအနေနဲ့လည်း မြို့ပေါ်တက်ပြီးရောင်းမယ်ဆိုရင်လည်း ဈေးပေါတဲ့အပြင် ဝယ်သူဖက်ကလည်း အဆင်သင့်ရှိမနေတဲ့အတွက်ကြောင့် ကောက်ပဲသီးနှံတွေကို စိုက်ပျိုးခြင်း မရှိကြတော့ပါဘူး။
အချို့ဒေသရဲ့မြေတွေက ဘိန်းစိုက်ပျိုးလို့မရသလို အခြား ကောက်ပဲသီးနှံတွေလည်း စိုက်ပျိုးလို့မရမြေတွေရှိပါတယ်။
အဲ့လိုဒေသတွေမှာတော့ ဖာလာတွေပဲစိုက်ကြပါတော့တယ်။ ဖာလာတွေစိုက်ပြီး ရောင်းဖို့သွားပြန်တော့လည်း အဖွဲ့အစည်းကို အခွန်အခပေးရတာနဲ့ပဲ လုံးခြာလည်နေရတယ်လို့ ဖာလာစိုက်တောင်သူတွေဆီကနေ ကြားသိရပါတယ်။
ဖာလာကို သယ်ယူတဲ့အချိန်တွေမှာ လမ်းမှာရှိတဲ့ ဂိတ်တွေကိုလည်း အခွန်ပေးဆောင်ရ၊ အချို့လမ်းတွေမှာ ဂိတ်တွေများပြီဆိုရင် ဂိတ်ကြေးအများပေးရလို့ ဖာလာရောင်းရတာနဲ့ မတန်ဘူးလို့ ဖာလာစိုက်တောင်သူတွေက ပြောပါတယ်။
ကယား(ကရင်နီ)ပြည်နယ်မှာ ဘိန်းစိုက်ပျိုးတဲ့ဒေသတွေကတော့ ကယောဒေသဖြစ်တဲ့ ထီးဆိုဒူး၊ ဘီယာ၊ ဘီသူ၊ ဟန်လီခူ၊ နီဒူးခူ၊ ဆီဆောင် စတဲ့ဒေသလေးတွေဖြစ်ပြီး ကယန်းလူမျိုးတွေနေထိုင်တဲ့ ဒေသလေးတွေကတော့ ဒေါရောက်ခူ၊ ဆောင်ဒူ၊ လွီးကထိအနောက်ဘက်၊ ဆော်ပထန်အနောက်ဘက်၊ လိုဘာခိုစတဲ့ရွာလေးတွေဖြစ်ပါတယ်။
ဒီထဲမှာမပါဝင်သေးတဲ့ ဘိန်းစိုက်ကျေးရွာလေးတွေလည်း ရှိမှာပါ။
လွီးကထိ လယ်ကွင်းအတွင်းမှာစိုက်တဲ့ ဘိန်းခင်းတွေက သစ်ပင်တွေကို မဖျက်ဆီးပေမယ့် တောင်ပေါ်ဒေသတွေမှာ စိုက်ပျိုးတဲ့ဘိန်းခင်းတွေမှာတော့ သစ်ပင်ကြီးတွေကို ခုတ်ထွင်ရှင်းလင်းရလို့ တောပြုန်းမှုတွေ ရှိလာနေပါတယ်။
အထူးသဖြင့် ထီးဆိုဒူးဒေသဖက်မှာ စိုက်ပျိုးတဲ့အခင်းတွေမှာ သစ်ပင်ကြီးကြီးမားမားတွေကို မီးရှို့၊ ခုတ်လှဲခဲ့ကြတဲ့အတွက်ကြောင့် သစ်ပင်ကြီးတွေ မပျက်စီးသင့်ပဲ ပျက်စီးခဲ့ရပါတယ်။
ထီးဆိုဒူးကာကွယ်တောအတွင်းမှာ စိုက်ပျိုးခဲ့ကြတဲ့ ဘိန်းစိုက်ခင်းတွေမှာလည်း သစ်ပင်အကြီးတွေကို ခုတ်လှဲပြီး စိုက်ပျိုးနေကြတာကို တွေ့ရပါတယ်။
“အရင်တုန်းက ထီးဆိုဒူးဆိုရင် သစ်ပင်တွေမှ အကြီးကြီးပဲ။ သူတို့ဘိန်းတွေစိုက်ကြလို့ သစ်ပင်တွေခုတ်ပလိုက်တယ်လေး အခုဆို သစ်ပင်အငယ်တွေပဲ ကျန်တော့တယ်” လို့ က.လ.လ.တ မှ ဒုတိယဥက္ကဌ(၂) ဦးထူးကော်က ပြောပါတယ်။
ဘိန်းစိုက်တဲ့တောင်သူတွေက ငွေအလုံးအရင်းဝင်နေပေမယ့် ဖွံ့ဖြိုးမှုနှောင့်နှေးနေတာဟာလဲ ဘိန်းစိုက်ပျိုးရာ ဒေသတွေပဲ ဖြစ်ပါတယ်။
ကယားပြည်နယ်ဟာ ဘိန်းစိုက်ပျိုးရာဒေသဖြစ်ပေမယ့် ဘိန်းအစိမ်းအထိပဲ ထုတ်ပါတယ်။ ခြစ်ယူပြီးဘိန်းကို ဝယ်သူက လာရောက်ဝယ်ယူပြီးရင် ပြီးပါပြီ။ သူတို့ဒေသဖက်မှာ ဘိန်းမဲကို အဆင့်ဆင့်ပြန်ချက်လုပ်ပြီး သုံးစွဲတဲ့အဆင့်တွေလည်း မရှိပါဘူး။
သို့ပေမယ့် အခြားပြည်နယ်ကိုသွားပြီး အလုပ်လုပ်ပြန်လာသူတွေမှာ ဆေးစွဲသူများလည်း ရှိပါတယ်။ မူးယစ်ဆေးသုံးစွဲတာ ဆေးလွန်ပြီး ဒုစရိုက်မှုကျူးလွန်ခဲ့သူတွေလည်း တွေ့ရှိရပါတယ်။
ဒီလိုဘိန်းခင်းပပျောက်နိုင်ဖို့ဆိုရာမှာလည်း တစ်နှစ်ကိုတစ်ခင်းနှစ်ခင်းဖျက်ဆီပစ်မယ်ဆိုရင်လည်း ခံရတဲ့ တောင်သူတွေဘက်အနေဖြင့်လည်း ဆုံးရှုံးမှုတွေတွေ့နေရပါတယ်။ နည်းမှန်လမ်းမှန်ဖြင့် အစားထိုးစိုက်ခင်းတွေ ၊ သီးနှံဈေးကွက်တွေ မရှိနိုင်သေးသရွေ့ကတော့ ဘိန်းခင်းတွေလည်း ရှိနေအုံးမှာပါပဲ။