ကန္တာရဝတီတိုင်း(မ်)
မနေ့က ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဘောလခဲကနေ ဖားဆောင်းကို ထိုးစစ်ဆင်မယ့် စစ်ကြောင်းကနေ လိုက်ပါလာတဲ့ စစ်ကောင်စီ တပ်သား (၂)ဦး Karenni Army BA-5 ထံ အလင်း ဝင်လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ကောင်စီ တပ်သား (၂)ဦးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေ အပတ်စဉ် (၄) မှာ တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဘောလခဲကနေ ဖားဆောင်းကို ထိုးစစ်ဆင်မယ့် စစ်ကြောင်းကနေ လိုက်ပါလာတာ ဖြစ်ပြီး လမ်းခုလတ်တစ်နေရာမှာ ထွက်ပြေးလာရာကနေ Karenni Army BA-5 ထံရောက်ရှိလာတာဖြစ်တယ်လို့ Karenni Army BA-5ရဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။
“သူတို့က ဖားဆောင်းကို ရအောင် ပြန်ထိုးစစ်ဆင်မယ် ဆိုတဲ့ စစ်ကြောင်းတစ်ကြောင်းကနေပေါ့နော်။ ဘောလခဲကနေ စထွက်တယ် ။ အဲကနေ ၆၁ မိုင်နားလောက်မှာ သူတို့က ထွက်ပြေးလာတာပေါ့နော်။ အစကတော့ သူတို့လက်နက်ယူလာတယ်။ ဒါပေမယ့် နောက်ကအဖွဲ့က သူတို့ကို လိုက်လာတော့ သူတို့လက်နက်တွေ ပြန်ချန်ထားပြီတော့ သူတို့အဖွဲ့နဲ့ ဝေးရာကို ပြေးလာရင်းနဲ ဒီဘက် နန်းဖဲချောင်းမှာ ပြန်ရောက်လာပြီးတော့ ကျနော်တို့ဆီကို ရောက်လာတာဖြစ်တယ်” လို့ BA-5 တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ စစ်ကြောင်းကနေပဲ Karenni Army BA-5 ထံ အလင်းဝင်းလာခဲ့တဲ့ စစ်ကောင်စီတပ်သား (၂) ယောက်လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို နွေးထွေးစွာ ကြိုဆိုပြီး အသက်အာမခံမှုတွေ ပေးနိုင်ကြောင်းနဲ့ နောက်ထပ် ကျန်ရှိနေသေးတဲ့ သူတွေကိုလည်း အလင်းဝင်လာကြဖို့ကို တိုက်တွန်းပြောဆိုထားပါတယ်။
၂၀၂၄ ဒီဇင်ဘာလကနေ စပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ Karenni Army BA-5ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၁၂)ဦးရှိတယ်လို့ သိရပါတယ်။